မဝတ်ရည်အောင် စျာပနအခမ်းအနား မနက်ဖြန်မနက်၁၁နာရီ ရေဝေးမှာကျင်းပဖို့စီစဥ်ထား

အေတီ/BVJ_ ဇူလိုင် ၂၁၊ ၂၀၂၅

နိုင်ငံရေးအကျဥ်းသူ မဝတ်ရည်အောင်ရဲ့ ရုပ်အလောင်းကို နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့နေ့လယ် ၁၂နာရီခွဲမှာ အင်းစိန်ဆေးရုံကနေ ရေဝေးသုသာန်ကိုပို့ဆောင်ဖို့ သွားသယ်ထုတ်လာပြီး မနက်ဖြန် ဇူလိုင်၂၂ရက်နေ့ မနက်၁၁နာရီမှာ သဂြိုလ်ဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။


အသက်၂၆နှစ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း မဝတ်ရည်အောင်ဟာ ၂၀ရက်နေ့ မနက်အစောပိုင်းက အင်းစိန်ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အင်းစိန်ထောင်ကနေ ဆေးရုံရောက်လာပြီး နာရီပိုင်းအတွင်းကွယ်လွန်ခဲ့ပြီး၊ ကွယ်လွန်သွားတဲ့အချိန်ကျမှ အကြောင်းကြားတဲ့အတွက် မိသားစုကသိရတယ်လို့ နာရေးကူညီမှုအသင်းရန်ကုန်နဲ့ နီးစပ်တဲ့သူတစ်ဦးက Burma VJ ကို အတည်ပြုပါတယ်။

မဝတ်ရည်အောင်နဲ့အတူ အင်းစိန်ထောင်နဲ့ဒိုက်ဦးထောင်မှာအတူနေခဲ့ဘူးတဲ့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့တာဝန်ခံ မဇူးဇူးမေယွန်းကလည်း Burma VJကို အခုလိုပြောပါတယ်။
“မဝတ်ရည်အောင်ရဲ့ ရုပ်အလောင်းကို အင်းစိန်ဆေးရုံက ဒီနေ့သွားထုတ်လာတဲ့အချိန်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။သေမှလွတ်ငြိမ်းချမ်းသာနဲ့ လွတ်သွားတဲ့သဘောပေါ့။ သူ့မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရတယ်။ မဝတ်ရည်အတွက် တရားမျှတမှုရဖို့ ကျွန်မတို့ နိုင်ငံရေးအကျဥ်းသူအနေနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်”

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄ရက်နေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က) ၊ ပုဒ်မ ၅၂ (က)တို့နဲ့ စုစုပေါင်း ထောင်ဒဏ် ခုနှစ်နှစ်ချမှတ်ခံခဲ့ရပါတယ်။
စစ်ကြောရေးအတွင်း နှိပ်စက်ညှင်းပန်းမှုဒဏ်၊ အကျဉ်းထောင်အတွင်းဖိနှိပ်မှုဒဏ်တွေနဲ့ အကျဉ်းဦးစီးဌာနရဲ့ လုံလောက်တဲ့ဆေးဝါးကုသခွင့်မပေးခဲ့ဘဲ အချိန်မီအပြင်ဆေးရုံ ထုတ်ကုသခွင်မပေးခဲ့တာတွေကြောင့် ဆေးရုံရောက်ပြီးနောက်နေ့မှာ ကျဆုံးခဲ့ရပါတယ်။

မဝတ်ရည်အောင်ဟာ စစ်ကြောရေးအတွင်း နှိပ်စက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဦးနှောက်မှာအကျိတ်တည်နေတဲ့အတွက် မကြာခဏတက်ပြီး သတိလစ်တဲ့ဝေဒနာခံစားနေရတဲ့သူ ဖြစ်ပါတယ်။

Comments