ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ရှားပါးသတ္တုရရှိရေးနဲ့ အမေရိကန်ရဲ့ မဟာဗျူဟာ ချိတ်ဆက်ဆောင်ရွက်မှု

နီသွင်/BVJ_နိုဝင်ဘာ ၂၊ ၂၀၂၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လတ်တလောထုတ်ပြန်လိုက်တဲ့ မဟာဗျူဟာမှတ်တမ်းတစ်ခုအရ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးသံတမန်ရေးကိုအသုံးပြုပြီး သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို တိုးချဲ့ဖို့နဲ့ မြန်မာနိုင်ငံကရှားပါးသတ္တု (Rare-Earth)တွေရယူနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်နေတယ်လို့ ရိုက်တာ(Reuters)သတင်းမှာဖော်ပြထားပါတယ်။
၂၀၂၁အာဏာသိမ်းမှုကိုဦးဆောင်ခဲ့ပြီး လူပေါင်း ၁ သိန်းနီးပါးသေဆုံးကာ ၃.၅ သန်းကျော်စစ်ဘေးဒုက္ခသည်ဖြစ်ခဲ့ရတဲ့ အဓိကလက်သည်စစ်ခေါင်းဆောင်ရဲ့ အရပ်သားအစိုးရအမည်ခံ စစ်အုပ်စုနဲ့အမေရိကန် တာဝန်ရှိသူတွေဟာ လျှို့ဝှက်ဆွေးနွေးပွဲတွေပြုလုပ်ခဲ့တယ်လို့ လွန်ခဲ့တဲ့လက ရိုက်တာသတင်းမှာဖော်ပြခဲ့တာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းထောက်လှမ်းရေး အရာရှိ မိုက်ကယ် ဗန့်စ် (Michael Vance)ပါဝင်တဲ့ ဒီလိုပြန်လည်ထိတွေ့ဆက်ဆံမှုဟာ စစ်တပ်ကိုဝိုင်းပယ်ထားတဲ့ နှစ်ရှည်လများအမေရိကန်ရဲ့ မူဝါဒကနေခွဲထွက်လိုက်တာဖြစ်ပြီး လက်ရှိ စစ်မီးတောက်လောင်နေတဲ့ဒေသတွေမှာရှိနေသလို တရုတ်ဆီအဓိကတင်ပို့နေရတဲ့ ရှားပါးသတ္တုရရှိရေးကိစ္စတွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ နိုင်ငံအဆင့် ပေါင်းစပ်ရေးဗျူဟာမှာတော့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာခြေကုပ်ရရှိဖို့အတွက် ကာလရှည်ကြာကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲတွေကနေတဆင့်အကောင်အထည်ဖော်သွားမယ်လို့ ပွင့်ပွင့်လင်းလင်း ဖော်ပြထားပါတယ်။

၂၀၃၀ ဘောဂဗေဒနဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးဟာ "၂၀၃၀ ပြည့်နှစ်အရောက်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ဆီ ဦးတည်သွားစေမယ့်" အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်နဲ့နယ်မြေပိုင်းခြားသတ်မှတ်မှုတွေကို အရှိန်မြှင့်တင်ပေးနိုင်မယ့် အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ဆွေးနွေးပွဲ အနည်းဆုံး ၃ ခုကိုစီစဉ်ပေးသွားမှာဖြစ်ပြီး အဲဒီကနေတဆင့် ကြွယ်ဝလှတဲ့ရှားပါးသတ္တု အရင်းအမြစ်တွေကိုရယူနိုင်ရေးနဲ့ အွန်လိုင်းငွေလိမ်ခြံ (Scam Centers)တွေကို နှိမ်နင်းနိုင်ရေး အခွင့်အလမ်းတွေဖန်တီးသွားမယ်လို့ ရေးသားထားတာပါ။
ဒါပေမဲ့ ဒီမဟာဗျူဟာစာတမ်းမှာ အမေရိကန်ကဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမှာလား၊ ဒါမှမဟုတ် မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုကို ဟန့်တားနေတဲ့ အခြားဥပဒေရေးရာကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမှာလားဆိုတာကိုတော့ အတိအကျဖော်ပြထားတာ မရှိပါဘူး။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ "စကမ်စင်တာတွေကို နှိမ်နင်းဖို့၊ အမေရိကန် စီးပွားရေးလုပ်ငန်းတွေအတွက် ပြည်တွင်းလုပ်ကိုင်ဆောင်ရွက်ခွင့် ပတ်ဝန်းကျင်တိုးတက်စေဖို့နဲ့ နိုင်ငံ တည်ငြိမ်စေမယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆီဦးတည်သွားနိုင်ဖို့ အပါအဝင် အမေရိကန်ရဲ့အဓိကဦးစားပေးကိစ္စတွေကို မြန်မာဘက်က တိုးတက်အောင်လုပ်ဆောင်ဖို့တိုက်တွန်းရင်း ပဋိပက္ခမှာပါဝင်နေသူ အားလုံးနဲ့ ဆွေးနွေးမှုတွေကိုကြိုဆိုတဲ့မူဝါဒကို ကျင့်သုံးနေတာဖြစ်ပါတယ်" လို့ ပြောပါတယ်။ ဒီစာတမ်းကို သြဂုတ်လ ၃၁ ရက်မှာ အတည်ပြုခဲ့ပြီး အောက်တိုဘာ ၁၆ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်မှာထုတ်ပြန်ခဲ့တာပါ။
အမေရိကန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်တပ်နောက်ခံပြုအစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဘဏ္ဍာရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်လက်စွဲကိုင်ထားဆဲ ဖြစ်ပေမဲ့ တရားဝင်ပြီး တာဝန်ယူမှုရှိတဲ့စီးပွားရေးလုပ်ငန်းတွေကိုတော့ တွေ့မြင်လိုတယ်လို့ အမြဲတမ်းအလေးပေးပြောဆိုထားပါတယ်။ တာဝန်ယူထားတဲ့ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံသားအချို့နဲ့ ကုမ္ပဏီအချို့ကို ပိတ်ဆို့အရေးယူမှုစာရင်းကနေ ပယ်ဖျက်ပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
မဟာဗျူဟာစာတမ်းအရ သံရုံးအနေနဲ့အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးလိုငွေပြမှုကိုလျှော့ချဖို့အတွက် အမေရိကန်ပို့ကုန်တွေကို တိုးမြှင့်သွားမှာဖြစ်ပြီး အမေရိကန်ကုမ္ပဏီတွေအတွက် တစ်ခုကို ဒေါ်လာ ၅ သန်းထက်မနည်းတန်ကြေးရှိတဲ့ ကုန်သွယ်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး ၃ ခုရရှိအောင် ဆောင်ရွက်သွားဖို့ရည်ရွယ်ထားတာပါ။
ဒါ့အပြင် အမေရိကန်ပြည်သူတွေကိုပစ်မှတ်ထားတဲ့ အွန်လိုင်း ငွေလိမ်ခြံတွေကိုနှိမ်နင်းဖို့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးဆောင်ရွက်မှာဖြစ်သလို၊ အမေရိကန်မှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်လွှဲပြောင်းယူရေးအတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေထက် သူတို့ရဲ့အပြန်အလှန်အကျိုးအမြတ်အပေါ် အဓိကထားတဲ့ သံတမန်ရေး (Transactional Diplomacy) ဖြစ်တဲ့ တရုတ်နဲ့ အားပြိုင်မှု၊ ရှားပါးသတ္တုရရှိရေးနဲ့ အမေရိကန်နိုင်ငံသားတွေ အလိမ်ခံနေရတဲ့ ကျားဖြန့် (Scam Centers) နှိမ်နင်းရေးတွေအပေါ်မှာပဲ အဓိကအခြေခံထားတယ်ဆိုတာ ဒီသတင်းဖော်ပြချက်အရ အင်မတန် ပေါ်လွင်နေပါတယ်။
ဒါပေမဲ့ အမေရိကန်လိုချင်နေတဲ့ ရှားပါးသတ္တုအများစုဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရှိနေတဲ့အတွက် အာဏာသိမ်းစစ်အုပ်စုရဲ့အတုအယောင်အစိုးရနဲ့ သွားဆွေးနွေးယုံနဲ့ ဒီသတ္တုတွင်းတွေကိုအမေရိကန်ကရရှိနိုင်မှာမဟုတ်ပါဘူး။
ခရက်ဒစ်- Reuters




Comments