top of page

မြန်မာဘက်ကို ထိုင်းဝန်ကြီးချုပ်သတိပေး၊ ကင်းလှည့်တာတွေပိုတိုးမြှင့်ဖို့ ညွှန်ကြားထား

Writer: BVJ
BVJ
2 hours ago
1 min read

သူရ/BVJ_နိုဝင်ဘာ၂၊ ၂၀၂၆

နယ်စပ်အနီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဘက်က စိုးရိမ်မကင်းဖြစ်ရမှုကို မြန်မာဘက်ဆီတရားဝင်အကြောင်းကြားထားသလို ဒီပဋိပက္ခဟာထိုင်းပိုင်နက်နယ်မြေနဲ့အရပ်သားတွေအပေါ် မထိခိုက်စေရဘူးလို့သတိပေးထားကြောင်း ဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ် (Anutin Charnvirakul) က တနင်္လာနေ့မှာပြောကြားလိုက်ပါတယ်။


ထိုင်း-မြန်မာ နယ်စပ်တလျှောက် မြန်မာစစ်တပ်နဲ့ကရင်လက်နက်ကိုင် အဖွဲ့တွေကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ မြန်မာဘက်ကို အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်ချက်ထုတ်ပေးဖို့ အတိုက်အခံတွေရဲ့ တောင်းဆိုမှုအပေါ် နောင်ခိုင်ဆေးရုံ (Nong Khai Hospital)မှာ မွန်းလွဲ ၁ နာရီကပြောကြားခဲ့တာပါ။ အစိုးရအနေနဲ့ စစ်ရေးရောသံတမန်ရေးရာ လမ်းကြောင်းတွေပါ အရေးယူဆောင်ရွက်ပြီးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။


နယ်စပ်အနီးမှာ နေ့စဉ်နဲ့အမျှပေါက်ကွဲမှုတွေဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့စိုးရိမ်မှုကို မြန်မာဘက်ဆီအကြောင်းကြားထားပြီးဖြစ်သလို တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကိုထိခိုက်မှုမရှိအောင် ဆောင်ရွက်ဖို့လည်း မြန်မာတာဝန်ရှိသူတွေကိုတိုက်တွန်းထားတယ်လို့ ဝန်ကြီးချုပ် အနုတင်ကပြောပါတယ်။


ဒါ့အပြင် ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်လို့တော့ အစိုးရအနေနဲ့လူသားချင်းစာနာမှုအကူအညီတွေကို ဆက်လက်ပေးအပ်သွားမယ်လို့ဆိုပါတယ်။


အခြေအနေတွေတည်ငြိမ်သွားရင် နေရပ်ပြန်နိုင်ရေးကူညီပေးဖို့ အစီအစဉ်ရှိပြီး တိုက်ပွဲတွေဖြစ်ပွားနေချိန် အတင်းအဓမ္မပြန်လည်မောင်းထုတ်တာမျိုးပြုလုပ်မှာမဟုတ်ဘူးလို့လည်း အတည်ပြုပြောဆိုခဲ့ပါတယ်။

KNUထိန်းချုပ်နယ်မြေ သောလဲထာစခန်းကိုဗုံးကြဲမယ်လို့ စစ်ကောင်စီက ထိုင်းနိုင်ငံထံ သတိပေးစာပေးပို့

ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်ဖွဲ့တွေရဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရ မြန်မာစစ်တပ်ဟာ မြဝတီမြို့မှာရှိတဲ့ မြန်မာ-ထိုင်း နယ်စပ်ကော်မတီကတစ်ဆင့် ထိုင်းနိုင်ငံဆီကန့်ကွက်စာတစ်စောင်ပေးပို့ခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းဌာနမှာ ဖော်ပြထားပါတယ်။


အဲဒီစာထဲမှာတော့ ထိုင်းနယ်စပ်တာဝန်ရှိသူတွေ၊ ကုန်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို တရားဝင်သတိပေးထားပြီး ကုန်သည်တွေအနေနဲ့ KNUနဲ့ဆက်သွယ်တာမျိုးမလုပ်ဖို့နဲ့ KNUထိန်းချုပ်ထားတဲ့ သောလဲထာ စစ်ဆေးရေးဂိတ်ကနေ ကုန်ပစ္စည်းတွေသယ်ယူပို့ဆောင်တာ မလုပ်ကြဖို့ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အဲဒီစစ်ဆေးရေးဂိတ်ကို လေကြောင်းကနေတိုက်ခိုက်သွားမယ်လို့လည်း သတိပေးထားတာပါ။


KNUဘက်ကတော့ ဒီလုပ်ရပ်ဟာတပ်မဟာ (၅)ထံစိစစ်စီးဝင်နေတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့နဲ့ နယ်စပ်ကုန်သွယ်မှုကိုရပ်တန့်စေဖို့ စစ်ကောင်စီလေတပ်ကပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ဒေသခံ ရွာသူရွာသားတွေနဲ့ စစ်ရေးစောင့်ကြည့်သူတွေကတော့ ဒီတိုက်ခိုက်မှုဟာ နှစ်နိုင်ငံနယ်စပ်တလျှောက်တည်ငြိမ်ရေးနဲ့ နယ်စပ်အနီးနေထိုင်ကြတဲ့ ထိုင်းအရပ်သားတွေရဲ့ဘေးကင်းလုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတယ်လို့ ယူဆနေကြပါတယ်။


အစောပိုင်းတုန်းကလည်း မြဝတီမြို့နယ် မြန်မာ-ထိုင်း မြို့နယ်နယ်စပ်ကော်မတီ (TBC-Myawaddy) ဟာ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံထံ ကန့်ကွက်စာ ပေးပို့ခဲ့ပြီး၊ KNU အဖွဲ့ဆီ ကုန်ပစ္စည်းတွေ၊ အစားအသောက်တွေနဲ့ အခြား နေ့စဉ်လိုအပ်တဲ့ ပစ္စည်းတွေ ပေးပို့ရောင်းချနေတာကို မတားဆီးဘူးဆိုရင် ထိုင်းနိုင်ငံ စော့မဲ (Sop Moei) ခရိုင်၊ ဘန်းမဲဆမ်လက် (Ban Mae Sam Laep) ကျေးရွာတစ်ဖက်ကမ်းက KNU ထောက်ပံ့ရေးစခန်းကို မြန်မာစစ်တပ်ကတိုက်ခိုက်သွားမယ်လို့ သတိပေးခဲ့တာပါ။


မြန်မာစစ်တပ်ရဲ့ကန့်ကွက်လွှာမှာ ဖာပွန်မြို့နယ်အတွင်းရှိ အဝေးတစ်နေရာကို မြန်မာဥပဒေအရတရားမဝင်နေရာအဖြစ်ညွှန်းဆိုထားပြီး လက်နက်ကိုင် KNU အဖွဲ့ကို "တရားမဝင်အဖွဲ့အစည်း" အဖြစ် ကြေညာထားတယ်လို့ ဖော်ပြထားပါတယ်။


အဲဒီနယ်မြေမှာ စီးပွားရေးလုပ်ကိုင်နေကြတဲ့ ထိုင်းလုပ်ငန်းရှင်တွေဟာ မြန်မာဥပဒေကိုချိုးဖောက်နေကြတာဖြစ်လို့ KNUကိုကူညီထောက်ပံ့ပေးနေတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေမှာပါဝင်တာ၊ ကူညီတာမျိုးတွေမလုပ်ကြဖို့ သတိပေးပေးရန်တောင်းဆိုထားတာပါ။ ဒါ့အပြင် အစိုးရအနေနဲ့ အဆိုပါအဖွဲ့ရဲ့ထောက်ပံ့ရေးနဲ့ စီးဆင်းရေးလမ်းကြောင်းတွေကို လေကြောင်းကနေ စဉ်ဆက်မပြတ်စောင့်ကြည့်နေတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။


တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းလမ်းတွေနဲ့ ပါဝင်ပတ်သက်နေမှုတွေကို တင်းကြပ်စွာထိန်းချုပ်သွားမှာဖြစ်သလို ဆက်လက်နှိမ်နင်းသွားမယ်လို့လည်း ဆိုပါတယ်။


ဒါ့အပြင် ထိုင်းနိုင်ငံကနိုင်ငံရေးပါတီတွေ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ KNU နဲ့ ဆက်စပ်မှုရှိတာ၊ သို့မဟုတ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘာသာရပ်မဆို ပုံစံတမျိုးမျိုးနဲ့ပူးပေါင်းဆောင်ရွက်နေတာကိုတွေ့ရှိရပါက အဲဒီလိုပြုလုပ်ဆောင်ရွက်မှုတွေဟာ လုံးဝမသင့်တော်တဲ့လုပ်ရပ်ဖြစ်တယ်လို့ စာထဲမှာရေးသားထားတာပါ။


အစိုးရအနေနဲ့ KNUကိုတရားမဝင်အဖွဲ့အစည်းအဖြစ်ကြေညာထားပြီးဖြစ်တာကြောင့် စာလက်ခံရရှိသူတွေအနေနဲ့ ဒီကိစ္စကိုသေချာစိစစ်လေ့လာပြီးမှတ်သားထားကြဖို့ ထပ်လောင်းတောင်းဆိုထားပါတယ်။


သောလဲထာစခန်းဟာ မူလက မြန်မာစစ်တပ်ရဲ့ စခန်းတစ်ခုဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တုန်းက KNU တပ်မဟာ (၅) ကရင်တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်တပ်က အဲဒီစခန်းကို ဗုံးကြဲတိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်ခဲ့ပေမဲ့ ကရင်တပ်ဖွဲ့တွေရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ အတိအကျမသိရသေးပါဘူး။

ခရက်ဒစ် - Khaosodenglish / The Nation

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page