အိမ်ဖြူတော်သတင်းထောက်အသင်း ညစာစားပွဲပစ်ခတ်မှုက သေနတ်သမား ကိုးလ်အာလန်အကြောင်း နောက်ဆုံးသိထားသမျှ
- BVJ

- 2 days ago
- 1 min read
BVJ_ဧပြီ ၂၆၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တက်ရောက်နေတဲ့ ဝါရှင်တန်ဒီစီရှိဟိုတယ်တစ်ခုမှာကျင်းပတဲ့ အိမ်ဖြူတော်သတင်းထောက်များအသင်း (WHCA) ညစာစားပွဲရဲ့ခန်းမအတွင်းကို အတင်းအဓမ္မဝင်ရောက်လာတဲ့သေနတ်သမားတစ်ဦးကို အမေရိကန်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။
အိမ်ဖြူတော် သတင်းထောက်များအသင်း (WHCA) ညစာစားပွဲအတွင်း သေနတ်သံတွေထွက်ပေါ်လာပြီးနောက် ဒေါ်နယ်ထရမ့်ကို လုံခြုံရေးအဖွဲ့က ဘေးကင်းရာသို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့ရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ က သေနတ်သမားကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ထိုဖြစ်စဉ်အတွင်း လုံခြုံရေးအရာရှိတစ်ဦးဟာ အလွန်နီးကပ်တဲ့အကွာအဝေးကနေ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပေမယ့် ကျည်ကာဝတ်စုံဝတ်ထားတာကြောင့် အသက်ဘေးက သီသီလေးလွတ်မြောက်ခဲ့ကြောင်း အိမ်ဖြူတော်ပြန်ရောက်လာတဲ့အချိန်မှာ ထရမ့်ကပြောပါတယ်။

အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သေနတ်သမားဟာ ကယ်လီဖိုးနီးယားပြည်နယ်၊တောရန့်စ်မြို့က အသက် ၃၁ နှစ်အရွယ်ကိုးလ်သောမတ်စ်အာလန် Cole Tomas Allenဖြစ်ပြီး သူ့ကိုတနင်္လာနေ့မှာတရားရုံးတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
သေနတ်သမားရဲ့ရည်ရွယ်ချက်ကိုမသိရသေးဘူးလို့ ရဲတပ်ဖွဲ့ကအစောပိုင်းမှာ ပြောကြားထားပေမယ့် CBSသတင်းဌာနအဆိုအရ Allenဟာ ထရမ့်အစိုးရအဖွဲ့ကအရာရှိတွေကိုပစ်မှတ်ထားတာလို့ Allenကဝန်ခံပြောကြားထားတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း သေနတ်သမားနဲ့ဆက်စပ်တယ်လို့ယူဆရတဲ့ ကယ်လီဖိုးနီးယားကနေအိမ်တစ်လုံးကို ရှာဖွေစစ်ဆေးနေပြီဖြစ်ပါတယ်။
စနေနေ့ညနေပိုင်းက ဝါရှင်တန်ဟီလ်တန် (Washington Hilton) ဟိုတယ်မှာကျင်းပတဲ့ အဲ့ဒီမီဒီယာအခမ်းအနားအတွင်းပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် သမ္မတထရမ့်နဲ့သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကို ဘေးလွတ်ရာအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သေနတ်သမားဟာ အဆိုပါညစာစားပွဲကျင်းပရာ ဝါရှင်တန်ဟီလ်တန်ဟိုတယ်မှာ ဧည့်သည်အဖြစ်တည်းခိုနေသူဖြစ်ကြောင်းယူဆရပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်ဆောင်ခဲ့တယ်ဆိုတာ ရဲတပ်ဖွဲ့ကအတည်မပြုသေးပါဘူး။
Allenဟာထိပ်တန်းနည်းပညာတက္ကသိုလ် Caltechကနေစက်မှုအင်ဂျင်နီယာဘွဲ့ (၂၀၁၇)နဲ့ California State Universityက ကွန်ပျူတာသိပ္ပံ မဟာဘွဲ့ (၂၀၂၅) ရရှိထားသူဖြစ်တယ်လို့သိရပါတယ်။
သူနဲ့ဆက်စပ်နေတဲ့ Facebook ပို့စ်တွေအရ သူဟာတက္ကသိုလ်ဝင်ခွင့်ပြင်ဆင်ရေးနဲ့ကျူရှင်သင်ကြားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ C2 Educationရဲ့ တောရန့်စ် (Torrance)ဌာနခွဲမှာအလုပ်လုပ်နေတဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွက် 'အကောင်းဆုံးဆရာ'အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသူဖြစ်ပါတယ်။
သူ့ရဲ့ LinkedInအကောင့်မှာလည်း သူ့ကိုယ်သူ "စက်မှုအင်ဂျင်နီယာ၊ ကွန်ပျူတာသိပ္ပံပညာရှင်၊ ဂိမ်းဒီဇိုင်းနာတစ်ဦးဖြစ်သလို မွေးရာပါဆရာတစ်ဦး" လို့ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲမှာ ကင်မလာဟဲရစ် သမ္မတဖြစ်ရေးအတွက် ဒီမိုကရက်တစ်ပါတီနိုင်ငံရေးလှုပ်ရှားမှုကော်မတီကို ၂၅ဒေါ်လာလှူဒါန်းမှုရှိခဲ့ကြောင်း ဖက်ဒရယ်ရွေးကောက်ပွဲအသုံးစရိတ် မှတ်တမ်းတွေအရ သိရပါတယ်။
ခရက်ဒစ်- အယ်လ်ဂျားဇီးယား
ပုံစာ၁- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သမားလို့သံသယရှိသူ Cole Tomas Allenကို ရဲတပ်ဖွဲ့ ကဖမ်းဆီးခဲ့ပါတယ်။




Comments