ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်နိုင်ငံရေးအကျဉ်းသားတွေဆက်လွှတ်ပေးဖို့ အာဆီယံတောင်းဆို
- BVJ

- 4 days ago
- 1 min read
Updated: 2 days ago
မိုနာ/BVJ_ဧပြီ ၂၄၊ ၂၀၂၆

သမ္မတဦးဝင်းမြင့်နဲ့ အကျဉ်းသားတွေကိုလွှတ်ပေးတာကို ကြိုဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လွှတ်ပေးဖို့ အာဆီယံက ဒီနေ့ ဧပြီ ၂၄ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ခြေလှမ်းတစ်ခုဖြစ်ကြောင်း၊မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းအတွက် ငြိမ်းချမ်းပြီးရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ခုရရှိစေဖို့ ကူညီသွားမယ်ဆိုတဲ့ကတိကဝတ်ကို အာဆီယံအနေနဲ့ ထပ်လောင်းအတည်ပြုကြောင်း အဖွဲ့ဝင်၁၁နိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း အဖမ်းခံရထားရတဲ့ လူထုခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေတု (Sihasak Phuangketkeow)နဲ့ သမ္မတရာထူးရယူထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ တွေ့ဆုံတဲ့အချိန်မှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို “ကောင်းမွန်စွာ စောင့်ရှောက်ထား”ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် "ကောင်းမွန်တဲ့ အခြေအနေတွေ" ကို စဉ်းစားပေးနေကြောင်းပြောခဲ့ပေမယ့် အသေးစိတ်အခြေအနေကို ထုတ်ဖော်ပြောဆိုတာမရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ပြောကြားချက်အရသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့က စိုးရိမ်ပူပန်မှုတွေရှိနေတဲ့အကြောင်း ဆီဟာဆက်က မင်းအောင်လှိုင်ကိုပြန်ပြောခဲ့ပါတယ်။
အာဆီယံရဲ့ထုတ်ပြန်ချက်ထဲမှာ ဘုံသဘောတူညီချက် ၅ရပ်ကို ဆက်လက်စွဲကိုင်ထားကြောင်းကိုလည်းဖော်ပြထားပြီး အများပြည်သူနေထိုင်တဲ့အဆောက်အဦးတွေ၊ အဖွဲ့ အစည်းတွေကိုအကြမ်းဖက်မှုရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးပို့နိုင်ဖို့ အခွင့်အလမ်းတွေဖန်တီးပေးဖို့ဆိုပြီးလည်း တောင်းဆိုထားပါတယ်။
လူထုဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးဖို့ဆိုပြီး အခုရက်ပိုင်းအတွင်းမှာပဲ သြစတေးလျ ၊အမေရိကန်၊ဥရောပသမဂ္ဂ၊နော်ဝေ၊ UKစတဲ့နိုင်ငံတွေကလည်း တောင်းဆို ထားကြပါတယ်။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ထိန်းသိမ်းထားတဲ့နေရာ၊ကျန်းမာရေးအခြေအနေတွေကို ထုတ်ပြောလာတာမျိုးမရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အသက်အန္တရာယ်အတွက် စိုးရိမ်မှုတွေရှိနေကြပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း ခိုင်မာတဲ့အထောက်အထားပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကိုလည်း သားငယ်ဖြစ်သူ ကင်အဲရစ်(ခ)ကိုထိန်လင်းဦးဆောင်ပြီး ဧပြီ ၂၁ရက်မှာစတင်ခဲ့ပါတယ်။




Comments