ဝက်လက်မြို့နယ်၊ဆည်တောရွာ ဗုံးကြဲခံရမှု ၄ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်
- BVJ

- Dec 18, 2025
- 1 min read
အယ်နာ/BVJ_ဒီဇင်ဘာ ၁၈၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ငါးပတ်ချောင်းအနောက်ဘက် ဆည်တောရွာကို ဒီဇင်ဘာ ၁၇ ရက်ညရှစ်နာရီကျော်မှာ အာဏာသိမ်းစစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင်၂၅၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး၊ ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရာခဲ့တယ်လို့ ဝက်လက် informational network ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဦးညွှန်ဝေ(၇၀ နှစ်)နဲ့ ဇနီးဒေါ်မြင့်ကြည်(၇၀ နှစ်)၊ ဇေယျာထွန်း(၂၅ နှစ်)နဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဗုံးကြဲမှုကြောင့် လူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့တဲ့အပြင် ဗုံးသီးကျခဲ့တဲ့နေရာမှာ နေအိမ် သုံးလုံးနဲ့ကား တစ်စီးမီးလောင်ပျက်စီးခဲ့ပြီး ကားနှစ်စီးဗုံးစထိမှန်ခဲ့တယ်လို့ သိရပါတယ်။ အခုလေကြောင်းတိုက်ခိုက်ခံရတဲ့နေရာမှာတိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားတွေပဲနေထိုင်တဲ့နေရာဖြစ်တယ်လို့ ဝက်လက် informational networkက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ညပိုင်းကလည်း ဝက်လက်မြို့နယ်ထဲက စစ်ရှောင်တွေနေတဲ့နေရာကိုဗုံးကြဲခဲ့လို့ လေးနှစ်အရွယ်ကလေးအပါအဝင် လူ ၅ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၂၈ ရက်ကလည်း ဝက်လက်မြို့နယ် ဘုရားပြန်ကျေးရွာကိုမီးရှို့ပြီး ဒေသခံတွေကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
စစ်ကောင်စီက ဝက်လက်မြို့နယ်ကိုဒီရက်ပိုင်းတွေအတွင်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတာတင်မက မြေပြင်ကစစ်ကြောင်းတွေထိုးပြီး မီးရှို့တာ၊ လူသတ်တာနဲ့ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။
စစ်အုပ်စုက အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းကတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးထားသင့်ပြီး လေကြောင်းသတိရှိကြဖို့လည်း ဝက်လက် infomational network တာဝန်ခံဗိုလ်နဂါးလေးက တိုက်တွန်းထားပါတယ်။







Comments