ဝက်လက်မြို့နယ် ဧရာဝတီမြစ်ဘေးတလျှောက်ကရွာတွေကို စစ်ကောင်စီဗုံးကြဲ
- BVJ

- Jul 23
- 1 min read
ဒေသခံပြည်သူ ၂၀ ခန့်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရ
BVJ/ဇော် - ဇူလိုင် ၁၉၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ရှားကွဲရွာ၊ ငါးပတ်ချောင်းရွာနဲ့ ရေလည်မော်ရွာစတဲ့ ဧရာဝတီမြစ်ဘေးတလျှောက်ကရွာတွေကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၂၀) ဦးခန့် သေဆုံးပြီး (၂၀) ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network ကတဆင့် သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ် တံတားဦးဘက်က တတ်လာတဲ့ Y-12 နဲ့ ဗုံးအလုံး (၃၀) ကျော်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ရှားကွဲ၊ ရေလည်မော်နဲ့ ငါးပတ်ချောင်း ၃ ရွာကို Y-12 နဲ့ ချသွားတာ ပြည်သူ ခန့်မှန်းခြေ ၂၀ လောက်သေတယ်လို့ သိရပါတယ်ခင်ဗျ၊ အထိအခိုက်ကတော့ ၂၀ ကျော်လောက် ထိခိုက်တယ်လို့ သိရပါတယ်” လို့ Wetlet Informational Network တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။
ဒါ့အပြင် မနေ့ ဇူလိုင် ၁၈ ရက်နေ့မနက်မှာ စစ်ကောင်စီတပ်က ရေလည်မော်ရွာနဲ့ ထုံးကြီးရွာတို့ကို နောက်ထပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရေလည်မော်ရွာနေ အမျိုးသမီးတစ်ဦး လက်ဖြတ်ခဲ့ရပြီး အမျိုးသားတစ်ဦး ခြေသလုံးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကလည်း ရေလည်မော်ရွာကို လေကြောင်းတိုက်ခိုက်မှုခဲ့တာကြောင့် အသက် (၅၀) အရွယ် ဒေသခံအမျိုးသား (၁) ဦးသေဆုံးခဲ့ပြီး (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကမ်းတလျှောက်ရွာတွေကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေခဲ့တာကြောင့် ဧရာဝတီမြစ်ကမ်းတလျှောက်က မင်းရွာတောင်ရွာ၊ ရွာသာရွာ၊ ကမ်းဖြူရွာ၊ ရေလည်မော်ရွာ၊ ငါးပတ်ချောင်းစတဲ့ ရွာတွေက ဒေသခံတွေအနေနဲ့လည်း ဘေးလွတ်ရာကိုရှောင်တိမ်းနေထိုင်နေရတယ်လို့ သိရပါတယ်။







Comments