စစ်တပ်ဗုံးကြဲလို့ ဝက်လက်မှာလူမမယ်ကလေးအပါအဝင် မိသားစုဝင်တွေ သေဆုံး
- BVJ

- Dec 24, 2025
- 1 min read
အယ်နာ/BVJ_ဒီဇင်ဘာ ၂၄၊ ၂၀၂၅

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ငါးပတ်ချောင်းရွာကို ဒီဇင်ဘာ ၂၃ ရက်ညနေက စစ်လေယာဉ်နဲ့ဗုံးကြဲလို့ သားအမိနှစ်ဦးနဲ့အဖွားဖြစ်သူတို့သေဆုံးပြီး အခြားရွာသူရွာသားလေးဦးတို့လည်း သေဆုံးခဲ့ပါတယ်။
သေဆုံးသူစုစုပေါင်း ခုနှစ်ဦးထဲမှာ နှစ်ဦးကအရွယ်မရောက်သေးတဲ့ ကလေးတွေဖြစ်ကြပြီး ၇ နှစ်အရွယ်သမီးငယ်နဲ့ အသက် ၃၅ နှစ်အရွယ်သူ့အမေ ဒေါ်မာသွယ်၊ အဖွားဖြစ်သူ အသက် ၈၀ အရွယ်ဒေါ်ခင်တင့်တို့ ပါသွားကြတာပါ။
ကျန်ကလေးတစ်ဦးက အခြားဒေသကစစ်ရှောင်လာတဲ့ အသက် ၁၄ နှစ် အရွယ်ကလေးတစ်ဦးဖြစ်ပြီး နောက်ထပ်သေဆုံးသူသုံးဦးထဲမှာ အမျိုးသားတစ်ဦးနဲ့သက်ကြီးပိုင်းအမျိုးသမီး နှစ်ဦးတို့ပါဝင်ကြပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးခန့်ရှိပြီး နေအိမ်လေးလုံးနဲ့ ကားတစ်စီးမီးလောင်ကာ အနီးကဘုရားဝန်းလည်းပျက်စီးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်အတွင်း ပေါင်၂၀၀ဗုံးသီး လေးလုံးကြဲခဲ့ပြီး အနီးအနားဝန်းကျင်မှာတော့ ဒရုန်းတစ်စီးပျံပြီး ကင်းထောက်နေတာတွေ့ရတယ်လို့ ဝက်လက်အင်ဖော်မေးရှင်းနက်ဝက်ကထုတ်ပြန်ထားပါတယ်။

ဒီလ ၁၉ ရက်ကလည်း ဝက်လက်မြို့နယ်၊ထုံးဘိုရွာတောင်ဘက်ကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲလို့ ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး မီးလောင်မှုတွေရှိခဲ့ပါတယ်။ ဝက်လက် အင်ဖော်မေးရှင်းနက်ဝက်ရဲ့ထုတ်ပြန်ချက်တွေအရ ဒီရက်ပိုင်းတွေအတွင်းမှာ စစ်ကောင်စီက ဝက်လက် ၊ ရွှေဘိုနဲ့ စစ်ကိုင်းမှာ လေကြောင်းတိုက်ခိုက်တာတွေ ၊ ပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကို စစ်အုပ်စုကလေကြောင်းတိုက်ခိုက်နေတာဖြစ်လို့ ပြည်သူတွေလေကြောင်းအန္တရာယ်ကို သတိထားသင့်ပြီးဗုံးခိုကျင်းတွေတူးထားသင့်ကြောင့်လည်း တာဝန်ရှိသူတွေကတိုက်တွန်းထားပါတယ်။
ဓာတ်ပုံ - ဝက်လက် အင်ဖော်မေးရှင်းနက်ဝက်







Comments