ရွှေဘို-မန္တလေးလမ်းပိုင်းကိုပြန်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ
- BVJ

- 11 minutes ago
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၂၅၊ ၂၀၂၅

ရွှေဘို-မန္တလေးလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ကြိုးစားပြီး စစ်ကိုင်းတိုင်း၊ဝက်လက်နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဝက်လက်မြို့ကို စစ်အုပ်စုက အခု နိုဝင်ဘာလဆန်းပိုင်းထဲက စစ်ကြောင်းတောက်လျောက်ထိုးနေတာဖြစ်ပြီး ရွှေဘို – မန္တလေးလမ်းဘေးရှိ စိုင်နိုင်လေး၊ ရွှေကျင်၊ လှတော၊ ပင်းဇင်း၊ မူးကြီး၊ ထုံးဘို၊ တံတားဦး၊ လိန်ပင်၊ ခေါတော၊ မြင်တော်၊ တမာကုန်း၊ ရွာတော်ကုန်း၊ ဥယျာဉ်မ၊ ရွာသာကြီး၊ သရက်ကြီး၊ ဘုရားပြန်၊ ကျီးကန် (တောင်)၊ ကျီးကန် (မြောက်)၊ ဥတည်ကုန်းကျေးရွာစတဲ့ ရွာပေါင်း ၂၀ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲ့ဒီနောက် ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်ကအထိနာခဲ့တယ်လို့သိရပါတယ်။
“၂၂၊ ၂၃ရက် မနက်ပိုင်းတွေမှာတိုက်ပွဲဖြစ်တယ်။ အဲ့ဒီမှာသူတို့(စစ်အုပ်စု)ဘက်က အထိနာပြီးသေဆုံးသူများတယ်။ ပြီးတော့ လေကြောင်းကနေ ၅ကြိမ်၊၆ကြိမ်လောက် လာပစ်တယ်။ လာကြဲတယ်။ ဘုရားတွေ စေတီတွေပျက်ဆီးသွားတယ်။ လူတွေကတော့ ရွာလုံးကျွတ်တွေပြေးနေရတာပါပဲ”လို့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
စစ်အုပ်စုစစ်ကြောင်းဟာ သုံးကြောင်းခွဲပြီးထိုးနေတာကြောင့် လက်ရှိမှာ ရွာပေါင်း ၂၀ကျော်က သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံထားရတဲ့ဒေသခံတွေလည်းရှိတယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ဝက်လက်နယ်အတွင်းစစ်အုပ်စုဟာ စစ်ကြောင်းထိုးပြီး လူသတ်၊မုဒိမ်းကျင့်၊မီးရှို့စတဲ့ အကြမ်းဖက်မှုတွေကိုလုပ်ဆောင်နေတာကြောင့် ပြည်သူတွေရက်ရှည်စစ်ရှောင်နေရကြောင်းကို မနေ့က နိုဝင်ဘာ ၂၄ရက်မှာအသိပေးထားပါတယ်။
ဒါ့အပြင် ရွှေဘို-မန္တလေးလမ်းပိုင်းကိုလည်း စစ်ရေးအခြေအနေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက အသုံးပြုခွင့်ပိတ်သိမ်းထားတာ လနဲ့ချီကြာမြင့်နေပြီလည်းဖြစ်ပါတယ်။
စစ်အုပ်စုဘက်ကတော့ ရွှေဘို-မန္တလေးလမ်းပိုင်းတိုက်ပွဲမှာ PDFတွေအထိနာသေဆုံးမှုများကြောင်းကို ဓါတ်ပုံတွေနဲ့အတူ ဝါဒဖြန့်ဖော်ပြနေကြတာကိုလည်း တွေ့ရပါတယ်။







Comments