မြန်မာ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဝီရ စိန်ထောင်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်

သူရ/BVJ_နိုဝင်ဘာ ၉၊ ၂၀၂၆

မြန်မာ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူ "Bright Future" အဖွဲ့ရဲ့ခေါင်းဆောင် ဝီရ စိန်ထောင် (Weera Saengthong) ရဲ့မွေးစာရင်းကို ဒေသဆိုင်ရာအာဏာပိုင်တွေက ပယ်ဖျက်လိုက်ပြီးနောက် ထိုင်းနိုင်ငံ ကဉ္စနပူရီပြည်နယ်တရားရုံးက သူ့ကိုဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ဒီဝရမ်းကိုတော့ ကဉ္စနပူရီရှိ စိုင်းယုတ်ခရိုင်မှတ်ပုံတင်ရုံးက ဝီရရဲ့ မွေးစာရင်းကိုပယ်ဖျက်ပြီး အစိုးရတာဝန်ရှိသူတွေကို သတင်းအချက်အလက်အမှားအယွင်းတွေ ပေးအပ်ခဲ့တယ်ဆိုပြီးစွပ်စွဲကာ ရဲတပ်ဖွဲ့ထံ အထောက်အထားအချက်အလက်တွေတင်သွင်းခဲ့ပြီးနောက် တနင်္လာနေ့ (နိုဝင်ဘာ ၉ ရက်)မှာ အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဖမ်းဝရမ်းအရ ဝီရဟာ ထိုင်းနိုင်ငံသားမဟုတ်သူတစ်ဦးနဲ့ဆက်စပ်တဲ့ ကိစ္စရပ်တွေမှာ အိမ်ထောင်စုမှတ်ပုံတင် သို့မဟုတ် အခြားသော အရပ်ဘက်မှတ်ပုံတင် စာရွက်စာတမ်းတွေထဲကို အတုအယောင် အထောက်အထားတွေပြုလုပ်အသုံးပြုခြင်း၊ တင်ပြခြင်း (သို့မဟုတ်) အခြားနည်းလမ်းနဲ့ဝင်ခွင့်ရအောင် တရားမဝင်ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
အခုလို စွပ်စွဲခံထားရတဲ့ပြစ်မှုအတွက် ထောင်ဒဏ် ၃ နှစ်ကျော်ချမှတ်ခံရနိုင်ပြီး ဒီဝရမ်းဟာ သက်တမ်း ၁၀ နှစ်အထိတည်ရှိမှာဖြစ်ပါတယ်။
ဝီရဟာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေး၊ အထူးသဖြင့် အလုပ်သမားမှတ်ပုံတင်ရေး၊ စာရွက်စာတမ်းကိစ္စရပ်တွေနဲ့ မြန်မာအာဏာပိုင်တွေချမှတ်ထားတဲ့ မူဝါဒတွေကိုဆန့်ကျင်ကန့်ကွက်မှုတွေမှာ တက်ကြွစွာပါဝင်လှုပ်ရှားပေးနေသူတစ်ဦးအနေနဲ့ ထင်ရှားသူဖြစ်ပါတယ်။
သူဟာ မကြာသေးခင်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ သက်သေခံလက်မှတ် (CI)စင်တာတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိခိုက်စေတဲ့ မြန်မာအစိုးရရဲ့မူဝါဒတွေကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲအတွင်းမှာပဲ သူဟာ ထိုင်းလူမျိုးအုပ်စုတစ်စုရဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်တိုက်ခိုက်မှုကို ခံခဲ့ရပါသေးတယ်။
ပရာချာချတ် (Prachachat)သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ မကြာသေးမီက အင်တာဗျူးတစ်ခုမှာလည်း ဝီရက မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေသာ အမိနိုင်ငံကို ပြန်သွားဖို့ တွန်းအားပေးခံရမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ပြင်းထန်တဲ့ထိခိုက်ပျက်စီးမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေး ပြောကြားခဲ့ဖူးပါတယ်။
သူ့အနေနဲ့ ထိုင်းအစိုးရကို ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်စနစ်ကို ပြန်လည်ဆန်းစစ်ပြင်ဆင်ပေးဖို့တောင်းဆိုခဲ့ပြီး လက်ရှိလုပ်ထုံးလုပ်နည်းတွေဟာ အလုပ်သမားတွေကိုငွေကြေးအရ အမြတ်ထုတ်ခံရမှုတွေနဲ့ မြန်မာစစ်အာဏာရှင်ဆီကလာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရစေတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
ဝီရဟာ မြန်မာအလုပ်သမားတွေကိုကာကွယ်ဖို့နဲ့ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်သမားစာရွက်စာတမ်းရယူရာမှာ ကြုံတွေ့ရတဲ့ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကိုလျှော့ချပေးဖို့ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် ပွင့်ပွင့်လင်းလင်းတိုက်ပွဲဝင်နေသူတစ်ဦးဖြစ်ပါတယ်။
ခရက်ဒစ် - Khaosod English




Comments