ထီးချိုင့်၊အင်းတော်တိုက်ပွဲအတွင်း အထူးလှုပ်ရှားတပ်မက PDF ၈ ဦးကျဆုံးခဲ့

မိုနာ/BVJ_နိုဝင်ဘာ ၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ အင်းတော်၊ထီးချိုင့်တိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုဘက်ကသေဆုံးသူများခဲ့ပြီး တပ်မဘက်ကလည်း ကျဆုံးရဲဘော်တွေရှိခဲ့တယ်လို့ မန္တလေးPDF(အထူးလှုပ်ရှားတပ်မ)က မနေ့က နိုဝင်ဘာ ၈ရက်မှာထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ရက်နေ့မှာ မန္တလေးPDF(အထူးလှုပ်ရှားတပ်မ)ရဲ့ အမှတ်(၆၆၂)နည်းဗျူဟာနဲ့ ကသာခရိုင်တပ်ရင်း(၃)တို့ပူးပေါင်းပြီး ထီးချိုင့်မြို့နယ်၊ ဆတ်ကျကျေးရွာအုပ်စု၊ တုံလုံကျေးရွာအတွင်းကစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ရန်သူ့ဘက်က တပ်ကြပ်ကြီး(၁)ဦးအပါအဝင် (၉)ဦး သေဆုံးခဲ့ပြီး (၁၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာ အထူးလှုပ်ရှားတပ်မက ရဲဘော်(၂)ဦးလည်း ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ (၈)ရက်နေ့ကနေ (၁၇)ရက်နေ့အတွင်းမှာတော့ အင်းတော်မြို့နယ်အတွင်းကို ဝင်ရောက်လာတဲ့ အင်အား(၅၀၀)ဝန်းကျင်ရှိ တပ်မ(၃၃)လက်အောက်ခံ စစ်အုပ်စုစစ်ကြောင်းကို အထူးလှုပ်ရှားတပ်မရဲ့ အမှတ်(၉၉) နည်းဗျူဟာနဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြရာကနေ တိုက်ပွဲတွေအတွင်းမှာ သေဆုံးသူများပြားခဲ့တယ်လို့ မန္တလေး-PDFကထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ အဓမ္မစုဆောင်းခံရတဲ့ ပြည်သူ့စစ်ရဲဘော်တွေအပါ (၇၀)ဦးကျော်သေဆုံးခဲ့ပြီး (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်းမှာ စစ်သုံ့ပန်း(၃)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်းမှာ အထိနာခဲ့တဲ့စစ်တပ်ဘက်ကနေ လေကြောင်းတိုက်ခိုက်မှု (၅၂)ကြိမ် ၊ လက်နက်ကြီးပစ်ခတ်မှု (၅၈)ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု (၆၉)ကြိမ်အထိ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီအတွင်း တပ်မက ရဲဘော်(၆)ဦး အသက်ပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ ရှိခဲ့တယ်လို့ မန္တလေးPDFကပြောပါတယ်။
အင်းတော်မြို့နယ်တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဆီကနေ RPG (၁)လက် အပါအဝင် လက်နက်ငယ်အများအပြားနဲ့ဆက်စပ်ခဲယမ်းတွေရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ (၂၃)နဲ့ (၂၄)ရက်တို့မှာတော့ မန္တလေး PDF(အထူးလှုပ်ရှားတပ်မ)ရဲ့ အမှတ်(၆၆၂)နည်းဗျူဟာ၊ မန္တလေးတိုင်းစစ်ဌာနရဲ့ အမှတ်(၃)အထူးတပ်ရင်းနဲ့ အမှတ်(၉၇၁၀)တပ်ဖွဲ့တို့ ပူးပေါင်းပြီး မန္တလေးတိုင်း ၊ တကောင်းမြို့နယ်ရှိ နီကယ်တောင် ရန်သူ့တပ်စခန်းနဲ့ (၆)မိုင်ဂိတ် ရန်သူ့တပ်စခန်းတွေကို ဝင်တိုက်ပြီး နယ်မြေရှင်းလင်းမှုတွေလုပ်ဆောင်ခဲ့သေးတယ်လို့ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)အနေနဲ့ တပ်တွင်းပြန်လည်စုဖွဲ့လေ့ကျင့်လုပ်ငန်းစဥ်တွေပြုလုပ်ပြီးနောက်မှာ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လက်တွဲပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေကို ဒေသအသီးသီးမှာဖော်ဆောင်လျက်ရှိကြောင်းနဲ့ အခုစစ်ဆင်ရေးတွေဟာ အောက်တိုဘာလအတွင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးအနှစ်ချုပ် အချက်အလက်တွေဖြစ်တယ်လို့ မန္တလေးPDFကပြောထားပါတယ်။
အထူးလှုပ်ရှားတပ်မကို တပ်တစ်ခုလုံးအတိုင်းအတာနဲ့ လေးလတာပြန်လည်စုဖွဲ့လေ့ကျင့်ခြင်းလုပ်ငန်းစဉ်တွေပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီကာလပြီးနောက်မှာတော့ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး စစ်ဆင်ရေးတွေကိုအပြည့်အဝဖော်ဆောင်လာနိုင်တာဖြစ်ပါတယ်။
ဓါတ်ပုံ-အင်းတော်၊ထီးချိုင့်တိုက်ပွဲအတွင်း တိုက်ပွဲဝင်ရဲဘော်တွေနဲ့ ရရှိခဲ့တဲ့လက်နက်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)က ၂၀၂၆၊ နိုဝင်ဘာ ၈ရက်ကထုတ်ပြန်ထားပုံ။




Comments