တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင် တို့ နေပြည်တော်မှာတွေ့
- BVJ

- 2 days ago
- 1 min read
အေတီ/BVJ - ဧပြီ ၂၆၊ ၂၀၂၆

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ သမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ မနေ့ ဧပြီ၂၅ရက်နေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ကြပါတယ်။
တရုတ်-မြန်မာဆက်ဆံရေးကို မြန်မာနိုင်ငံအတွက်အရေးအပါဆုံး နှစ်နိုင်ငံဆက်ဆံရေးအဖြစ်ရှုမြင်ကြောင်း၊ “One China Policy”ကိုလုံးဝသွေဖယ်သွားမှာ မဟုတ်ကြောင်း၊ သမ္မတရှီကျင့်ဖျင်အဆိုပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်ကိုထောက်ခံကာ တက်ကြွစွာအားပေးသွားမှာဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို သတင်းစကားပါးခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မင်းအောင်လှိုင်သမ္မတဖြစ်လာတာကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်မှဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့ခြင်းနဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို အထူးသံတမန်စေလွှတ်တက်ရောက်စေခြင်းမှာ တရုတ်နိုင်ငံခေါင်းဆောင်တွေက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အလေးအနက်ထားမှုကိုပြသနေခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်ကိုသတင်းစကားပါးခဲ့ပါတယ်။

ဧပြီလ ၂၅ ရက်နေ့တရက်ထဲမှာတင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာစစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ငါးရက်တာအရှေ့တောင်အာရှခရီးစဥ်အဖြစ် ကမ္ဘောဒီးယား၊ထိုင်းနဲ့သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်ပြီး ဒီနေ့ ၂၆ရက်မှာ တရုတ်နိုင်ငံကိုပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်အဓိကရည်ရွယ်ချက်က သမ္မတတု မင်းအောင်လှိုင်ကိုအသိအမှတ်ပြုဖို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ၂၀၂၄ခုနှစ်၊သြဂုတ်လက မြန်မာနိုင်ငံကိုနောက်ဆုံးလာရောက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအတု၊ လွှတ်တော်အတုကနေ သမ္မတဖြစ်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း လာမယ့်လအတွင်းမှာ တရုတ်နိုင်ငံကိုသွားရောက်ဖို့ရှိတယ်လို့သိရပါတယ်။




Comments