top of page

အာဆီယံထဲပြန်လည်ပါဝင်နိုင်ရေးအတွက် အာဆီယံအထူးသံ မြန်မာနိုင်ငံလာရောက်ချိန် စစ်အုပ်စုဘက်ကဆွေးနွေး

Writer: BVJ
BVJ
55 minutes ago
1 min read

မိုနာ/BVJ_အောက်တိုဘာ ၃၀၊ ၂၀၂၆

အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရိုနဲ့ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ၂၀၂၆၊အောက်တိုဘာ ၂၉ရက်က နေပြည်တော်မှာတွေ့ဆုံခဲ့ကြပုံ။(ဓါတ်ပုံ-စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာန)
အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရိုနဲ့ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ၂၀၂၆၊အောက်တိုဘာ ၂၉ရက်က နေပြည်တော်မှာတွေ့ဆုံခဲ့ကြပုံ။(ဓါတ်ပုံ-စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာန)

မြန်မာနိုင်ငံကို အာဆီယံအထူးသံတမန်လာရောက်ချိန်မှာ အာဆီယံအတွင်း မြန်မာနိုင်ငံရဲ့မူလအခန်းကဏ္ဍနဲ့အခွင့်အရေးတွေ ပြန်လည်ထိန်းသိမ်းနိုင်မယ့်နည်းလမ်းတွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။


ပဋိပက္ခဖြစ်ပွားနေတဲ့မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုတိုးမြှင့်နိုင်ရေးတွေအတွက် မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုနဲ့ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ မနေ့က အောက်တိုဘာ ၂၉ရက်က နေပြည်တော်မှာတွေ့ဆုံချိန် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။


ဆွေးနွေးမှုထဲမှာ မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တွေ၊ နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့်ကိစ္စရပ်တွေ၊ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုယန္တရားတွေ ပိုမိုခိုင်မာစေရေးနဲ့ မကြာမီကျင်းပမယ့် (၄၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ဆက်စပ်ထိပ်သီးအစည်းအဝေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုဘက်ကထုတ်ပြန်လာတာပါ။


ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဝန်ကြီး လာဇာရိုနဲ့ နိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေတို့တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ၊ ထိခိုက်ခံစားရတဲ့ဒေသတွေနဲ့သွားရောက်ဖို့ ခက်ခဲတဲ့ လူထုအသိုင်းအဝိုင်းတွေဆီ အကူအညီတွေပိုမိုတိုးမြှင့်ပေးအပ်နိုင်ရေး နည်းလမ်းတွေ၊ ဘုံသဘောတူညီချက် ၅ ချက် (5PC)ကိုအပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာတွေနဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။


ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဒီနေ့ အောက်တိုဘာ ၃၀ရက်မှာနောက်ဆုံးရက်ဖြစ်ပြီး ဒီခရီးစဉ်အတွင်း စစ်အုပ်စုကဖမ်းဆီးချုပ်နှောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ကိုလည်း မျှော်လင့်မှုတွေရှိနေကြပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page