တနိုင်းမှာလူ ၇ ဦးသေဆုံးစေခဲ့တဲ့ မုန်ယိုနေတဲ့ဆင်ကိုပစ်ခတ်ရှင်းလင်း

အီးကေ/BVJ_အောက်တိုဘာ ၂၉ ၊ ၂၀၂၆

ကချင်ပြည်နယ်၊တနိုင်းမြို့နယ်မှာ ဒေသခံ ၇ ဦးထက်မနည်းကိုသေဆုံးစေခဲ့တဲ့ မုန်ယိုနေတဲ့ဆင်ကို အောက်တိုဘာ ၂၈ ရက်နေ့က ဖမ်းဆီးရေးအဖွဲ့ကပစ်ခတ်ရှင်းလင်းလိုက်တယ်လို့သတင်းရရှိပါတယ်။
သေဆုံးသွားတဲ့ အဆိုပါ ပုဂ္ဂလိကပိုင်သစ်ဆွဲဆင်ထီးကြီးကို လှေနဲ့ဆွဲလာတဲ့ဗီဒီယိုကိုလည်း "တနိုင်းဟစ်တိုင်" သတင်းဌာနမှာဖော်ပြထားတာတွေ့ရပါတယ်။
အမြင့် ၈ ပေခန့်ရှိတဲ့ အဲဒီသစ်ဆွဲဆင်ထီးဟာ အောက်တိုဘာ ၂၄ ရက်နဲ့ ၂၅ ရက်တွေတုန်းက တနိုင်းမြို့နယ်၊ တရုံကျေးရွာအုပ်စု၊ စက်ဆဲချောင်းဘေးနဲ့ တနိုင်း-ရှင်ဗွေယန် လမ်းမပေါ်ရှိ လဂျားဘွမ်ကျေးရွာအနီးက တောင်ယာအခင်းစောင့် ဒေသခံတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ရက်မနက်ပိုင်းမှာတော့ တရုံရွာ၊ ရပ်ကွက် (၁) အနီး လယ်ကွင်းအတွင်းမှာဆင်ကိုပြန်တွေ့ခဲ့ပြီး တခြားဆင်တွေနဲ့မျှားခေါ်ကာ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမဲ့မရခဲ့ပါဘူး။ အဲဒါကြောင့် အောက်တိုဘာ ၂၈ ရက်မနက်ပိုင်းမှာ ဒေသခံတွေက တရုံရွာအနီးချောင်းစပ်နားမှာ သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင် ၉၇ ကောင်နဲ့ ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားတဲ့ ဆင် ၈၉၈ ကောင်ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းကလည်း တနိုင်းမြို့နယ်ထဲမှာဆင်နင်းခံရလို့ သေဆုံးခဲ့ရသူတွေ ရှိခဲ့ဖူးပါတယ်။



Comments