top of page

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျား၊မ အခြေပြုအကြမ်းဖက်မှုတို့ကို နည်းဗျူဟာတစ်ခုအဖြစ် စစ်အုပ်စုကစနစ်တကျအသုံးပြုနေကြောင်း UNမှာတင်ပြ

Writer: BVJ
BVJ
1 day ago
1 min read

မိုနာ/BVJ_အောက်တိုဘာ ၂၉၊၂၀၂၆

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင်စီမှာကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၆၊ အောက်တိုဘာ ၂၇၊၂၈နှစ်ရက်တာအစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းမိန့်ခွန်းပြောနေပုံ
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင်စီမှာကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၆၊ အောက်တိုဘာ ၂၇၊၂၈နှစ်ရက်တာအစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းမိန့်ခွန်းပြောနေပုံ

အမျိုးသမီးတွေကိုခြိမ်းခြောက်ဖို့နဲ့နိုင်ငံရေးမှာပါဝင်နေမှုတို့ကို ချိုးနှိမ်ဖို့အတွက် စစ်အုပ်စုက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျားမ အခြေပြုအကြမ်းဖက်မှုတို့ကို နည်းဗျူဟာတစ်ခုအဖြစ် စနစ်တကျအသုံးပြုနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။


အခု အောက်တိုဘာ ၂၇ရက်နဲ့၂၈ရက်တို့မှာ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီက အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်အောက်ကနေ “Women and Peace and Security in the next quarter-century: fulfilling the promisethrough implementation” ခေါင်းစဉ်နဲ့ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးမှာ ဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားရင်း အခုလိုထည့်သွင်းတင်ပြခဲ့တာပါ။


သံအမတ်ကြီးဦးကျော်မိုးထွန်းက စစ်အုပ်စုအနေနဲ့ သူတို့ရဲ့မြေပြင်စစ်ဆင်ရေးတွေ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ စစ်ဆေးရေးဂိတ်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ အဓမ္မပြုကျင့်ခြင်း၊ အုပ်စုလိုက်အဓမ္မပြုကျင့်ခြင်း၊ လိင်ကျေးကျွန်ပြုခြင်းနဲ့ အခြားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်မှုတွေရှိနေတာကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရှိ စစ်အုပ်စုကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ခံမှုရှိစေရေး အစီအမံများကို ချမှတ်နိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။


စုဆောင်းရရှိထားတဲ့ သက်သေအထောက်အထား မှတ်တမ်းတွေအရ စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကစပြီး လက်ရှိအချိန် အမျိုးသမီး(၂၃၉၁)ဦး၊ သတ်ဖြတ်ခံခဲ့ရပြီးဖြစ်ကြောင်းနဲ့ အဲ့ဒီထဲကအများစုဟာ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးရသူတွေဖြစ်ပါတယ်။


ဒါကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် မြန်မာပြည်သူတွေကို ကာကွယ်နိုင်ဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ စစ်အုပ်စုဆီကို လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီ၊ အခြားသော စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများနဲ့ ဆက်စပ်နည်းပညာတွေရောင်းချတင်ပို့နေတာတွေကို ရပ်တန့်ပေးဖို့ကိုလည်း သံအမတ်ကြီးဦး‌ကျော်မိုးထွန်းက လုံခြုံရေးကောင်စီတံခါးဖွင့်အစည်းအဝေးမှာတောင်းဆိုခဲ့ပါတယ်။


ဒါ့အပြင် အမျိုးသမီးတွေအတွက် လူမှုရပ်ဝန်း ထိန်းသိမ်းပေးရန်၊ အမျိုးသမီးတွေအပေါ် ချိုးဖောက်မှုတွေ တစ်ကျော့ပြန်ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု မြှင့်တင်အားပေးရန်၊ အမျိုးသမီးတွေအတွက် ထိရောက်မှုရှိပြီး လျော်ကန်တဲ့ ပံ့ပိုးကူညီမှုတွေပေးအပ်ဖို့ ကတိပြုရေးစတာတွေကိုလည်း တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။


အဲ့ဒီ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ UN Women Executive Director Ms. Sima Sami Bahous နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စားပြုအဖြစ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ Ms. Tamana Zaryab Paryani တို့က ဆွေးနွေးသူတွေအဖြစ်ဆွေးနွေးခဲ့ကြပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၁၁၀) ကျော်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြတာဖြစ်ပါတယ်။

နှစ်ရက်တာအစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်ကိုဖတ်ကြားနေပုံ။
နှစ်ရက်တာအစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်ကိုဖတ်ကြားနေပုံ။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင်စီမှာကျင်းပပြုလုပ်ခဲ့တဲ့ အဲ့ဒီနှစ်ရက်တာအစည်းအဝေးအပြီးမှာ လက်ရှိ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ကိုလံဘီယာ၊ ဒိန်းမတ်၊ ပြင်သစ်၊ လက်ဗီးယား၊ လိုင်ဘီးရီးယား၊ ပနားမား၊ ယူကေနဲ့ဂရိနိုင်ငံတို့က ဦးဆောင်လျက် “အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်"ကိုထုတ်ပြန်ခဲ့ပါတယ်။


အဲ့ဒီပူးတွဲထုတ်ပြန်ချက်ထဲမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်အားလုံးမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအစီအစဉ်ကို ထည့်သွင်းရေး၊ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ရေး၊ လိင်ပိုင်းဆိုင်ရာနဲ့ကျားမအခြေပြုအကြမ်းဖက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စော်ကားမှုတွေအားလုံးကို ပြင်းထန်စွာ ရှုတ်ချရေးတို့ပါဝင်ပါတယ်။


ဒါ့အပြင် အကြမ်းဖက်မှုခံရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် အသက်ကယ်ဆယ်ရေးဆိုင်ရာအကူအညီတွေပေးအပ်ဖို့ ရေရှည်တည်တံ့သောဘဏ္ဍာရေးရန်ပုံငွေတွေ ပံ့ပိုးပေးရန်စတဲ့ တောင်းဆိုမှုတွေပါဝင်ပါတယ်။


အဲ့ဒီပူးတွဲထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံရဲ့မူသဘောထားတွေနဲ့ကိုက်ညီမှုရှိတာကြောင့် ပူးတွဲထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအနေနဲ့လည်းပါဝင်ခဲ့တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page