အမေရိကန်ကငြိမ်းချမ်းရေးလမ်းလျှောက်ပွဲမှာ မြန်မာသံဃာတစ်ပါး ပူးပေါင်းပါဝင်နေပြီ
- BVJ

- Jan 5
- 1 min read
အေတီ/BVJ_ဒီဇင်ဘာ ၂၊ ၂၀၂၆

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ကနေ အစိုးရရုံးစိုက်ရာဝါရှင်တန်ဒီစီမြို့တော်အထိ မိုင်ပေါင်း နှစ်ထောင့်သုံးရာခရီးကိုခရီးနှင်ကြမယ့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲမှာ မြန်မာသံဃာတစ်ပါးလည်း ပူးပေါင်းပါဝင်နေပါပြီ။
Walk for Peace လို့ခေါ်တဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲမှာ ပူးပေါင်းပါဝင်နေပြီဖြစ်တဲ့ မြန်မာဘုန်းတော်ကြီးက တက္ကဆက်ပြည်နယ် ဖို့ဝါသ်မြို့ ရွှေဘုန်းပွင့်ကျောင်းရဲ့ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး Burmese Dhamma Center တည်ထောင်ထားတဲ့ ဆရာတော် ဦးသီလာနန္ဒဖြစ်ပါတယ်။
လမ်းလျှောက်အဖွဲ့မှာ မြန်မာသံဃာတော်တွေမပါဝင်ရကောင်းလားဆိုပြီး အပြစ်ပြောနေတာတွေ့ရကြောင်း၊ မြန်မာဆရာတော်တွေဟာ အသက်အရွယ်ကြောင့် ကျန်းမာရေးကြောင့်မပါဝင်နိုင်ကြတာဖြစ်ကြောင်း၊ငယ်တဲ့သူဆိုရင်လည်း စာရွက်စာတမ်းမပြည့်စုံတာ၊ လေးလကြာအောင်ကျောင်းကိုပစ်ထားမရတာ စတဲ့အကြောင်းကြောင်းတွေကြောင့် မပါဝင်နိုင်ကြတာဖြစ်ကြောင်းကို မြန်မာသံဃာတွေကိုယ်စား မြန်မာစစ်စစ်ဆရာတော်တစ်ပါး ဝါရှင်တန်အထိ လမ်းလျှောက်နေပြီဖြစ်ကြောင်း သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာမှာ ရွှေဘုန်းပွင့်ဆရာတော် ဦးသီလာနန္ဒက မိန့်ကြားပါတယ်။

ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို ၂၀၂၆ခုနှစ် ဇန်နဝါရီ၁ရက်နေ့ကနေ စတင်ပူးပေါင်းပါဝင်ခဲ့တဲ့ ရွှေဝါရောင်ဆရာတော် ဦးသီလာနန္ဒလို့လူသိများတဲ့ ရွှေဘုန်းပွင့်ဆရာတော်ဟာ မြန်မာပြည်က ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သံဃာတစ်ပါးလည်းဖြစ်ပါတယ်။
မူလက ရွှေဘုန်းပွင့်ဆရာတော်နဲ့အတူ တခြားမြန်မာသံဃာသုံးပါးလည်းပါဝင်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့်မပါဝင်ဖြစ်ခဲ့ဘူးလို့ ဦးသုမင်္ဂလသာမိက သူ့ရဲ့ဖေ့စ်ဘုခ်စာမျက်နှာမှာ မိန့်ထားပါတယ်။
“Walk for Peaceအဖွဲ့ကို မြန်မာတွေကလည်း အားပေးထောက်ခံနေပါတယ်ဆိုတာကိုသိစေဖို့အတွက် မြန်မာသံဃာတွေရဲ့ကိုယ်စား၊ မြန်မာတွေကို ကိုယ်စားပြုနိုင်ဖို့ သေသေချာချာပြင်ဆင်ထားတဲ့ ရွှေဘုန်းပွင့်ဆရာတော်ကိုပဲ လေဆိပ်လိုက်ပို့ပြီး မိမိတို့ သုံးပါး (မိမိ၊ ဦးသူရိယ၊ ဦးခေမာစာရ)ကတော့ ခုတခေါက်အတွက် ဖြတ်ပြီးသားလေယာဉ်လက်မှတ်အဆုံးခံလိုက်ပါတယ်။ ခုဆိုရင် မြန်မာတွေကိုကိုယ်စားပြုဖို့ ဒီနေ့ ၁ရက်နေ့ကစပြီး Walk for Peaceအဖွဲ့နဲ့ ရွှေဘုန်းပွင့်ဆရာတော် စတင်ပူးပေါင်းပြီး ငြိမ်းချမ်းရေးလမ်းတွေ လျှောက်နေပါပြီ”
ဒီငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဖော့ဝါ့သ်မြို့ရှိ ထေရဝါဒ ဗီယက်နာမ် Huong Dao Buddhist temple ဟောင်ဒေါင်းကျောင်းကနေ ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ကိုးနာရီကစတင်ထွက်ခွါခဲ့တာဖြစ်ပြီး၊ အခုလက်ရှိမှာ ခရီးထက်ဝက်ကျော် ရက်ပေါင်း ၆၀ကျော် ၇၀နီးပါးရှိလာပြီဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကိုဦးဆောင်တဲ့ ဟောင်ဒေါင်းကျောင်း လက်ထောက်ဆရာတော် အရှင်ပညာကာရဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓစာပေတွေ သင်ယူခဲ့ဖူးသူဖြစ်ကာ မြန်မာစကားအနည်းငယ်ပြောတတ်တယ်လို့ သိရပါတယ်။ဗီယက်နမ်ဆရာတော် ဦးပညာကာရနဲ့ ရွှေဘုန်းပွင့်ဆရာတော်တို့ဟာ အရင်ကတည်းက ပုံမှန်အဆက်အသွယ်ရှိကြတဲ့သံဃာတွေဖြစ်ပြီး သူတို့ ဘုန်းကြီးကျောင်းနှစ်ကျောင်းကလည်း တက္ကဆက်ပြည်နယ် ဖို့ဝါသ်မြို့ တမြို့ထဲမှာရှိကြောင်းနဲ့ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းဟာလည်း ဆယ့်ငါးမိနစ်ပဲဝေးတယ်လို့ ရွှေဘုန်းပွင့်ဆရာတော်ရဲ့ကျောင်းမှာသီတင်းသုံးခဲ့ဖူးတဲ့ ဆရာတော်ဦးဇဝနက BVJကိုအတည်ပြုပါတယ်။

လမ်းလျှောက်တဲ့ ဗုဒ္ဓဘာသာသံဃာတွေနဲ့အတူပါလာတဲ့ Aloka ဆိုတဲ့ခွေးလေး ကိုလည်း လမ်းတလျှောက် လူတွေအတော်စိတ်ဝင်စားကြတာတွေ့ရပါတယ်။တချိန်ကလမ်းဘေးခွေးဖြစ်ခဲ့တဲ့ အာလောကကို အိန္ဒိယနိုင်ငံကခေါ်ယူလာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲခရီးတလျောက်မှာ Alokaဟာအမေရိကန်ပရိသတ်တွေကြားမှာ ပေါပြူလာဖြစ်နေပါတယ်။ သူ့အတွက် Aloka the Peace Dog ဖေ့စ်ဘုခ်ပေ့ချ်တစ်ခုကိုလည်းဖွင့်ပေးထားပါတယ်။
ဒီခရီးစဥ်အစမှာ တက္ကဆက်ပြည်နယ်ကစထွက်ထွက်ခြင်း ဟိုက်ဝေးလမ်းမပေါ်မှာ ဆိုးရွားတဲ့ယာဥ်မတော်တဆဖြစ်မှုနဲ့ကြုံခဲ့ရတာကြောင့် သံဃာနှစ်ပါး ဒဏ်ရာရခဲ့ပြီး ဘုန်းတော်ကြီး Maha Dam Phommasanက ဘယ်ဘက် ခြေထောက် ဆုံးရှုံးခဲ့ရပါတယ်။
လနဲ့ချီကြိုတင်ပြင်ဆင်ခဲ့ရတဲ့ အခက်အခဲတွေကြားကငြိမ်းချမ်းရေးလမ်း လျှောက်ပွဲဟာ ဖြတ်ကျော်ခဲ့တဲ့နေရာတိုင်းမှာ ဒေသခံတွေရဲ့စိတ်ဝင်စားမှု ၊အားပေးမှုတွေရခဲ့သလို ကမ္ဘာ့အနှံ့ကလူတွေအတွက်လည်း အာရုံစိုက်စရာ သတင်းတခုဖြစ်လာနေပါတယ်။

ဒီလမ်းလျှောက်ပွဲမှာပါဝင်တဲ့ သံဃာတော်တွေအတွက် အောင်မြင်တဲ့ ငြိမ်းချမ်းရေး ခရီးစဉ်တစ်ခုလို့ပြောနိုင်ပါတယ်။ ဒါပေမယ့် ဝါရှင်တန်ရောက်ဖို့အတွက်ဆိုခရီးက ရက်ပေါင်း ၁၁၀အနည်းဆုံးကြာမယ်လို့ ခန်မှန်းထားတဲ့အတွက် နောက်ထပ် ရက်၄၀လောက် ဆက်လျှောက်ရဦးမှာဖြစ်ပါတယ်။







Comments