ချင်းလက်နက်ကိုင် နှစ်ဖွဲ့ကြားက ပဋိပက္ခ ဘက်ဘက်မှမလိုက်ဘူးလို့ CDF ပလက်ဝ ထုတ်ပြန်
- BVJ

- Jul 7, 2025
- 1 min read
BVJ _ ဇူလိုင် ၇ ၊ ၂၀၂၅

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့မှာ ချင်းလက်နက်ကိုင်အဖွဲ့နှစ်ခုကြား ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ရေးတင်းမာနေချိန် နှစ်ဖက်စလုံးကို အားပေးထောက်ခံမှာမဟုတ်သလို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ Chinland Defense Force – Paletwa (CDF-Paletwa) က ဒီနေ့ ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
ချင်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ HPO/CDF-Hualngoram နဲ့ CNO/CNDF တို့ ရိဒ်ခေါဒါရ်မြို့မှာ အခု ဇူလိုင်လဆန်းပိုင်း စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ချင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ရိဒ်ခေါဒါရ်မြို့ဟာ HPO/CDF-Hualngoram တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး CNO/CNDF က အခု ဇူလိုင်လ ၂ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၅ ရက်မှာ မြို့ကို သိမ်းယူခဲ့တယ်လို့လည်း သိရပါတယ်။
HPO/CDF-Hualngoram တပ်ဖွဲ့ဟာ Chinland Council -CC (ချင်းပြည်ကောင်စီ) အဖွဲ့ဝင်ဖြစ်ပြီး CNO/CNDF က Chinland Brotherhood – CB (ချင်းညီနောင်) အဖွဲ့ဝင်လည်းဖြစ်ပါတယ်။
ချင်းပြည်နယ် လွတ်မြောက်ရေး၊ အမျိုးသားတည်ဆောက်ရေးနဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေးတို့အတွက် ရည်မှန်းချက်တူ တော်လှန်ရေးတပ်ဖွဲ့တွေ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်သလို ချင်းလူမျိုးတူအကြား ပဋိပက္ခဖြစ်ပွားမှုဟာ ချင်းလူမျိုးတွေရဲ့ သွေးစည်းညီညွတ်ရေးလမ်းစဉ်ကိုလည်း ထိခိုက်စေတယ်လို့ CDF ပလက်ဝက ဖော်ပြထားပါတယ်။
CDF ပလက်ဝတပ်ဖွဲ့အနေနဲ့လည်း ဘုံရန်သူ စစ်ကောင်စီနဲ့ အာဏာရှင်စနစ်အဖွဲ့တွေကိုသာ တိုက်ထုတ်သွားမှာဖြစ်ပြီး ချင်းလူမျိုးအချင်းချင်းကြား ပဋိပက္ခဖြစ်စေမယ့် လက်နက်ကိုင်အဖွဲ့တွေကို အားပေးထောက်ခံတာမျိုးတွေ လုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ချင်းလက်နက်ကိုင်နှစ်ဖွဲ့ကြား ထိတွေ့ပစ်ခတ်မှုကြောင့် ရိဒ်ခေါဒါရ်မြို့နဲ့ ဖလမ်းမြို့နယ်အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံအချို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို နေရပ်စွန့်ခွာ တိမ်းရှောင်နေခဲ့ရတယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။




Comments