ရွေးကောက်ပွဲအပိုင်း-၁အတွက် မဲစာရင်းတွေစတင်ကြေညာ
- BVJ
- 2 days ago
- 1 min read
ယူဂရင်း/BVJ_စက်တင်ဘာ ၃၀၊ ၂၀၂၅

လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း-၁အတွက် မဲစာရင်းတွေကို သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအလိုက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ဒီနေ့ကစပြီးကြေညာပါတယ်။
မဲစာရင်းတွေကို ဒီနေ့ စက်တင်ဘာ ၃၀ရက်ကနေ အောက်တိုဘာ ၁၄ရက်အထိ ၁၄ရက်ကြာကြေညာထားမှာဖြစ်တာကြောင့် အနည်းဆုံးတအိမ်တယောက်နှုန်းနဲ့ မပျက်မကွက်လာကြည့်ပေးကြဖို့ကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှိုးဆော်ထားပါသေးတယ်။
ရန်ကုန်ဒေသခံတစ်ဦးကတော့”မဲစာရင်းလာကြည့်ကြဖို့ဆိုပြီး ညကမိုက်နဲ့လိုက်အော်တာတော့ရှိတယ်။ ဒါပေမယ့် စိတ်မဝင်စားကြတော့ ရပ်ကွက်ထဲတော့သွားကြည့်တာရော ပြောသံတွေရောမကြားရ၊ မတွေ့ရပါဘူး”လို့ ပြောပါတယ်။
အခုကြေညာတဲ့မဲစာရင်းဟာ ပထမအကြိမ်ဖြစ်ပြီး ဒီစာရင်းကနေ မှားယွင်းတာ၊ နာမည်စာရင်းမပါဝင်တာ၊ မပါသင့်တဲ့သူတွေပါနေတာ စတာတွေကိုပြင်ဆင်ဖြည့်စွက်ပြီးရင် လာမယ့်နိုဝင်ဘာလမှာ နောက်တစ်ကြိမ်ထပ်မံကြေညာမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီကတော့ ရွေးကောက်ပွဲအပိုင်း-၁ကို မြို့နယ် ၁၀၂မြို့မှာ လုပ်မယ်လို့ကြေညာထားပြီး အဲ့ဒီအတွက်လည်း လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့PDFတွေဆီမှာ ဆုံးရှုံးထားရတဲ့ နယ်မြေတွေပြန်လည်ရရှိရေးအတွက် ကြည်း၊ရေ၊လေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်တွေဆင်နွှဲနေပါတယ်။
Comments