မော်စကိုမြို့ကို ယူကရိန်းကဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း လူသေဆုံးမှုရှိ
- BVJ

- 1 hour ago
- 1 min read
သူရ/BVJ_သြဂုတ် ၁၆၊ ၂၀၂၆
တနင်္ဂနွေနေ့ ညသန်းခေါင်ယံအချိန်က မော်စကိုဒေသကို ယူကရိန်းဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ပြည်နယ်အာဏာပိုင် အာဘိုးရော့ဗ် (Vorobyov) ရဲ့ပြောကြားချက်အရ ဒါဟာအဲဒီဒေသကိုပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တဲ့ အကြီးမားဆုံး တိုက်ခိုက်မှုတွေထဲကတစ်ခုဖြစ်ပြီး အနည်းဆုံးလူတစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မော်စကိုဒေသ အာဏာပိုင် အန်ဒရေး အာဘိုးရော့ဗ် (Andrei Vorobyov) ရဲ့ Telegram စာမျက်နှာမှာရေးသားချက်အရ ပိုဒေါ့စ်ခ် (Podolsk) မြို့မှာ အသက် ၈၃ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနေရာမှာ ရုရှားရဲ့အကြီးဆုံး အွန်လိုင်း လက်လီအရောင်းဆိုင် Wildberries ပိုင် ဂိုဒေါင်တစ်ခုတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
မော်စကိုရဲ့ အဓိကလေဆိပ်တစ်ခုနဲ့ နီးတဲ့ ဒိုမိုဒီဒိုဗို (Domodedovo) မြို့က ဂိုဒေါင်တစ်ခုအပါအဝင် အခြားသော နေရာအချို့မှာလည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယူကရိန်းဒရုန်း ၈၂၂ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မော်စကိုမြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၄၅ (မိုင် ၂၈ ခန့်) အကွာမှာရှိတဲ့ Wildberries ရဲ့ ကိုလီဒီနို (Koledino) ဂိုဒေါင်တိုက်ခိုက်ခံရအပြီး အခြေအနေတွေကိုရိုက်ကူးထားတဲ့ Reutersရဲ့ဗီဒီယိုဖိုင်မှာ နေရာဒေသအနှံ့မီးခိုးလုံးကြီးတွေထွက်ပေါ်နေတာကို တွေ့ရပါတယ်။
ရုရှားရဲ့ စစ်ရေးတိုက်ခိုက်မှုကိုအထောက်အကူပြုနေတယ်လို့ယူဆရတဲ့ ရုရှားရဲ့ စီးပွားရေးအဆောက်အအုံတွေကိုဖျက်ဆီးဖို့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ယူကရိန်းဘက်က စစ်ရေးပစ္စည်းတွေကို ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ စွပ်စွဲထားတဲ့ Wildberries ကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ပစ်မှတ်ထားတိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။




Comments