top of page

နှစ်နိုင်ငံ မြို့တော်နှစ်ခုကိုသွားရောက်ခဲ့ပြီးနောက် ယူကရိန်း-ရုရှားဆွေးနွေးပွဲအသစ်တွေ မကြာမီပေါ်ပေါက်လာမယ်လို့ အမေရိကန်သံတမန်တွေမျှော်လင့်နေ

Writer: BVJ
BVJ
Sep 7
1 min read

အီးကေ/BVJ_စက်တင်ဘာ ၇၊ ၂၀၂၆

၂၀၂၆၊ စက်တင်ဘာ၆ ရက်က ယူကရိန်းနိုင်ငံ၊ကိယက်ဗ်မြို့မှာ ယူကရိန်းသမ္မတ Volodymyr Zelenskiy က အမေရိကန်သမ္မတ Donald Trumpရဲ့ သားမက် Jared Kushner နဲ့ အမေရိကန်အထူးသံတမန် Steve Witkoff တို့ကို ကြိုဆိုခဲ့စဥ်
၂၀၂၆၊ စက်တင်ဘာ၆ ရက်က ယူကရိန်းနိုင်ငံ၊ကိယက်ဗ်မြို့မှာ ယူကရိန်းသမ္မတ Volodymyr Zelenskiy က အမေရိကန်သမ္မတ Donald Trumpရဲ့ သားမက် Jared Kushner နဲ့ အမေရိကန်အထူးသံတမန် Steve Witkoff တို့ကို ကြိုဆိုခဲ့စဥ်

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနဲ့ တနင်္ဂနွေနေ့က ကိယက်ဗ်မြို့မှာတွေ့ဆုံအပြီးမှာ အမေရိကန်ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဖြစ်တဲ့ ဂျာရက် ကုရှ်နာနဲ့ စတိဗ် ဝစ်ကော့ဖ်တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အရှိန်အဟုန်အသစ်တွေရရှိလာပြီလို့ ပြောကြားလိုက်ပါတယ်။


ထရမ့်အစိုးရအဖွဲ့အနေနဲ့ ရုရှား-ယူကရိန်း ၄ နှစ်ခွဲကျော်ကြာစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေကိုအသစ်တဖန်ပြန်လည်လုပ်ဆောင်နေချိန်မှာ အခုလိုခရီးစဉ်တွေပေါ်ထွက်လာတာဖြစ်ပါတယ်။ ကုရှ်နာနဲ့ ဝစ်ကော့ဖ်တို့ဟာ စနေနေ့က မော်စကိုမြို့ကိုသွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမင်ပူတင်နဲ့ ၃ နာရီကြာဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့ ပဋိပက္ခအတွက် ကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခုကိုတော့ရရှိခဲ့ပုံမပေါ်ပါဘူး။


သမ္မတ ဇယ်လန်းစကီးကတော့ ဝစ်ကော့ဖ်၊ ကုရှ်နာတို့နဲ့ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ "အလွန်အနှစ်သာရရှိတယ်" လို့ချီးကျူးပြောဆိုခဲ့ပြီး ယူကရိန်းအနေနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေအတွက် အသင့်ရှိနေတယ်လို့ပြောပါတယ်။ ရုရှားဘက်က ယူကရိန်းရဲ့လျှပ်စစ်ဓာတ်အားလိုင်းတွေကို ထပ်မံဗုံးကြဲတိုက်ခိုက်လာနိုင်ခြေရှိတာကြောင့် လာမယ့်ဆောင်းရာသီအတွက် လေကြောင်းရန်ကာကွယ်ရေးပစ္စည်းတွေနဲ့ စွမ်းအင်ဆိုင်ရာအကူအညီတွေရရှိရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သူကဆိုပါတယ်။


စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ပေးမယ်လို့ မဲဆွယ်စည်းရုံးခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ အားပေးမှုနဲ့ ယခင်ပြုလုပ်ခဲ့တဲ့ အမေရိကန်ရဲ့ ကြားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ရလဒ်ထူးထူးခြားခြားမထွက်ပေါ်ခဲ့ပါဘူး။ အမေရိကန်ဘက်မှာ အဆိုပြုချက်အသစ်တစ်ခုရှိနေတယ်လို့ သမ္မတထရမ့်က သောကြာနေ့မှာ အရိပ်အမြွက်ပြောကြားခဲ့ပေမဲ့ အသေးစိတ်ကိုတော့ရှင်းပြခဲ့ခြင်းမရှိပါဘူး။


အမေရိကန်ကိုယ်စားလှယ်တွေဟာ ယူကရိန်းတာဝန်ရှိသူတွေနဲ့ နာရီပေါင်းများစွာဆွေးနွေးခဲ့ကြပြီး ကိယက်ဗ်မြို့မှာရောက်ရှိနေကြတဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်တွေလည်း နောက်ဆုံးတစ်နာရီမှာ ပါဝင်လာခဲ့ပါတယ်။ အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲတွေကို တနင်္ဂနွေနေ့ ညပိုင်းအထိ ဆက်လက်လုပ်ဆောင်ဖို့ ရှိနေပါတယ်။


ကိယက်ဗ် မြို့လမ်းမတွေပေါ်က သတိကြီးကြီးနဲ့ မျှော်လင့်ချက်များ

ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအဖြစ် ထရမ့်ရဲ့ သားမက်ဖြစ်သူ ကုရှ်နာနဲ့ ဝစ်ကော့ဖ်တို့ဟာ မော်စကိုမြို့ကို အကြိမ်ကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့ဟာ အမေရိကန်ညှိနှိုင်းရေးမှူးတွေအနေနဲ့ ကိိယက်ဗ်မြို့ကို ပထမဆုံးအကြိမ် လာရောက်တာ ဖြစ်ပါတယ်။


သူတို့ရဲ့ ခရီးစဉ်ကို ယူကရိန်းခေါင်းဆောင်ပိုင်းက အချိန်အတန်ကြာကတည်းက မျှော်လင့်နေခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကိယက်ဗ်မြို့လမ်းမတွေပေါ်မှာ ဒေသခံအချို့က မျှော်လင့်ချက်တွေ ထားရှိနေကြပါတယ်။


ယခင်ဆွေးနွေးပွဲတွေမှာတော့ အရှေ့ပိုင်းဒေသ ဒွန်ဘတ်စ် (Donbas) ရဲ့ အနာဂတ်အပါအဝင် အဓိကအချက်တွေမှာ နှစ်ဖက်စလုံးဟာ သဘောထားကွဲလွဲမှုတွေ ကြီးမားနေဆဲ ဖြစ်ပါတယ်။ ရုရှားဘက်က ယူကရိန်းတပ်တွေ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့နယ်တွေကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုထားပေမဲ့ ယူကရိန်းဘက်က သူတို့ဆက်လက် ရပ်တည်နိုင်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆန်ထားပါတယ်။


ယူကရိန်းအတွက်တော့ ရုရှားနိုင်ငံ နောက်တစ်ကြိမ် မကျူးကျော်လာအောင် တားဆီးနိုင်ဖို့ ဥရောပမဟာမိတ်တွေနဲ့ အမေရိကန်တို့ဆီက ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေက အလွန်အရေးကြီးပါတယ်။ ဒီိကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဆိုပေမဲ့ တိုးတက်မှုတွေ ရှိခဲ့သလားဆိုတာကိုတော့ ဇယ်လန်းစကီးက အသေးစိတ် မပြောခဲ့ပါဘူး။

ခရက်ဒစ် - Reuters


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page