"အနောက်နိုင်ငံတွေက ရုရှားကိုလေးလေးစားစားဆက်ဆံရင် စစ်ပွဲတွေထပ်မဖြစ်စေရဘူး"
- BVJ

- Dec 22, 2025
- 1 min read
အီးကေ/BVJ_ ဒီဇင်ဘာ ၂၀၊ ၂၀၂၅

အနောက်နိုင်ငံတွေက ရုရှားနိုင်ငံကိုလေးလေးစားစားဆက်ဆံမယ်ဆိုရင် ယူကရိန်းစစ်ပွဲလို နောက်ထပ်စစ်ပွဲတွေထပ်ဖြစ်လာတော့မှာမဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကပြောကြားခဲ့ပြီး ရုရှားက ဥရောပနိုင်ငံတွေကို စစ်တိုက်ဖို့စီစဥ်နေတယ်ဆိုတဲ့ပြောဆိုချက်တွေဟာလည်း"အဓိပ္ပာယ်မရှိဘူး"လို့ ပြောလိုက်ပါတယ်။
လေးနာရီခွဲနီးပါးကြာပြုလုပ်ခဲ့တဲ့ ရုပ်မြင်သံကြားအစီအစဉ်တခုမှာ ဘီဘီစီသတင်းထောက် စတိဗ်ရိုဆင်ဘာ့ဂ်က ယူကရိန်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပူတင်ရဲ့အသုံးအနှုန်းဖြစ်တဲ့ "အထူးစစ်ရေးစစ်ဆင်ရေး" တစ်ခုနောက်ထပ်အသစ်လုပ်ဖို့ရှိလားဆိုတဲ့မေးခွန်းကို ပူတင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ကျွန်တော်တို့က အမြဲတမ်း ခင်ဗျားတို့ရဲ့အကျိုးစီးပွားတွေကို လေးစားသလိုမျိုး၊ ကျွန်တော်တို့ရဲ့အကျိုးစီးပွားတွေကိုလည်း ခင်ဗျားတို့ကပြန်ပြီးလေးစားမယ်ဆိုရင် ဘယ်လိုစစ်ဆင်ရေးမှရှိလာစရာအကြောင်းမရှိဘူး"လို့ ရုရှားသမ္မတပူတင်က အခိုင်အမာပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတပူတင်က ရုရှားကဥရောပနဲ့စစ်ဖြစ်ဖို့အစီအစဉ်မရှိပေမယ့် ဥရောပသားတွေက စစ်ဖြစ်ချင်တဲ့ဆန္ဒရှိရင် "အခုအချိန်မှာအဆင်သင့်ပဲ"လို့ ဒီလအစောပိုင်းတုန်းကလဲ ပြောခဲ့ပါသေးတယ်။
သောကြာနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ဘီဘီစီ ရုရှားအယ်ဒီတာရဲ့ မေးခွန်းကို ပူတင်က “နေတိုးအဖွဲ့က အရှေ့ဥရောပနိုင်ငံတွေကို နယ်မြေချဲ့ထွင်မှုလုပ်သလိုမျိုး လိမ်လည်မှုမပြုလုပ်ဘူးဆိုရင် ရုရှားကလည်း နောက်ထပ်ကျူးကျော်မှုတွေပြုလုပ်မှာမဟုတ်ဘူး”လို့ ရုရှားသမ္မတပူတင်က ထပ်ဖြည့်ပြောခဲ့ပါတယ်။
ဒါ့အပြင် ဆိုဗီယက်ယူနီယံမပြိုလဲမီ ၁၉၉၀ခုနှစ်က ဆိုဗီယက်ခေါင်းဆောင် မီခေးလ် ဂေါ်ဘာ ချော့ဗ်ကို အနောက်နိုင်ငံတွေကပေးခဲ့တဲ့ကတိကဝတ်ကို နေတိုးကချိုးဖောက်ခဲ့တယ်လို့ ပူတင်ကတောက်လျှောက်စွပ်စွဲနေပါတယ်။အနောက်နိုင်ငံတွေက ကတိပေးခဲ့တယ်ဆိုတဲ့အချက်ကမမှန်ဘူးလို့ ဂေါ်ဘာချော့်ဗ်ကိုယ်တိုင်က နောက်ပိုင်းမှာပြောခဲ့တာရှိပါတယ်။
၂၀၁၄ခုနှစ်က သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားနယ်မြေအပါအဝင် အခုကျူးကျော်စစ်မှာ ယူကရိန်းနိုင်ငံလက်ထဲကသိမ်းပိုက်ထားတဲ့ နယ်မြေတွေထည့်သွင်းရေးဆွဲထားတဲ့ ဧရာမမြေပုံကြီးတစ်ခုကိုနောက်ခံထားပြီး နိုင်ငံခြားသတင်းထောက်တွေအပါအဝင် ရုရှားနိုင်ငံတလွှားက သတင်းထောက်တွေရဲ့မေးခွန်းကို ရုရှားသမ္မတပူတင်က မော်စကိုမြို့က ခန်းမကြီးတခုထဲမှာ သတင်းစာရှင်းလင်းပွဲပုံစံမျိုး တိုက်ရိုက်ဖြေဆိုမှုပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာပူတင်ကို မေးတဲ့မေးခွန်းက သုံးသန်းကျော်တောင်ရှိတယ်လို့ ပွဲစီစဉ်သူတွေက အတည်ပြုပါတယ်။
ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားကနေထုတ်လွှင့်တဲ့ အဲ့ဒီသတင်းစာရှင်လင်းပွဲကြီးလုပ်ပြီး နာရီပိုင်းအကြာမှာ ယူကရိန်းတောင်ပိုင်း အိုဒီဆာဒေသကို ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် လူခုနစ်ဦးသေဆုံးပြီး နောက်ထပ် ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအစိုးရတာဝန်ရှိတဲ့သူတွေကပြောပါတယ်။ရုရှားက ယူကရိန်းကိုကျူးကျော်မှုဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့ပါတယ်။
ခရက်ဒစ်- ဘီဘီစီ







Comments