top of page

အမေရိကန်နဲ့အစ္စရေးတို့ အီရန်အပေါ် ပူးပေါင်းတိုက်ခိုက်မှု နောက်ဆုံးသိထားသမျှ

  • Writer: BVJ
    BVJ
  • Mar 3
  • 1 min read

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကိုတိုက်ခိုက်မှုမှာ"အဓိကကျတဲ့ တိုက်ခိုက်ရေး စစ်ဆင်ရေးတွေ (Major combat operations)" စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်းပြောကြားခဲ့ပြီး အီရန်အစိုးရတပ်ဖွဲ့တွေ လက်နက်ချဖို့ တိုက်တွန်းထားပါတယ်။


အစောပိုင်းကလည်း အစ္စရေးကာကွယ်ရေးဝန်ကြီးက အီရန်အပေါ် "ကြိုတင်ကာကွယ်တဲ့တိုက်ခိုက်မှု (Pre-emptive attack)" တစ်ရပ်စတင်လိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီးနောက်ပိုင်း အီရန်တနိုင်ငံလုံးမှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရပါတယ်။


အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သီတင်းပတ်ပေါင်းများစွာကြာ ခြိမ်းခြောက်မှုတွေ၊ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးနောက်ပိုင်း အခုတိုက်ခိုက်မှုဖြစ်ပွားလာတာဖြစ်ပါတယ်။


လက်ရှိအချိန်ထိသိထားသမျှ အချက်အလက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။


အီရန်မှာ ဘာတွေဖြစ်နေလဲ

တီဟီရန်စံတော်ချိန် မနက် ၉ နာရီခွဲ (ဂရင်းနစ်စံတော်ချိန် မနက် ၆ နာရီ) ကျော်က အီရန်နိုင်ငံမြို့တော်အတွင်းမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေအရ မြို့တော်ရှိ ဂျွန်ဟူရီရင်ပြင် (Jomhouri Square)နဲ့ဟာဆန်အာဘတ်ရင်ပြင် (Hassan Abad Square)တို့အထက်မှာ မီးခိုးတွေဖုံးလွှမ်းနေတာတွေ့ရပါတယ်။


ဒါ့အပြင် မြို့တော်တွင်းမှာတင်မက နိုင်ငံတဝန်းရှိအခြားမြို့ကြီးအတော်များများမှာလည်း ပေါက်ကွဲသံတွေဆက်တိုက်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီမြို့တွေထဲမှာ အစ်စ်ဖာဟန် (Isfahan)၊ ကွမ် (Qom)၊ ကာရတ်ချ် (Karaj)နဲ့ကာမန်ရှား (Kermanshah) မြို့တွေလည်းပါဝင်ပါတယ်။ လက်ရှိအချိန်အထိတော့ သေဆုံး ဒါမှမဟုတ် ဒဏ်ရာရရှိသူအရေအတွက် အတိအကျမသိရသေးပါဘူး။


တိုက်ခိုက်မှုတွေဖြစ်ပွားပြီးကတည်းက အီရန်ရဲ့လေကြောင်းပိုင်နက်ကို ပိတ်လိုက်ပြီဖြစ်ကြောင်း Tasnim သတင်းအေဂျင်စီကဖော်ပြပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ဒီစစ်ဆင်ရေးဟာ "အလွန်ကြီးမားပြီး လက်ရှိအချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲ" ဖြစ်တယ်လို့ပြောကြားထားပါတယ်။


အမေရိကန်နဲ့ အစ္စရေးဘက်က ဘာတွေပြောထားတာရှိလဲ

အမေရိကန်သမ္မတထရမ့်က သူ့ရဲ့ Truth Socialကတဆင့် ဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ပြီး အမေရိကန်ရဲ့ပါဝင်ပတ်သက်မှုကို အောက်ပါအတိုင်း အတည်ပြုခဲ့ပါတယ်။


လွန်ခဲ့တဲ့ အချိန်အနည်းငယ်ကပဲ အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံအတွင်း အဓိကကျတဲ့ တိုက်ခိုက်ရေးစစ်ဆင်ရေးတွေကိုစတင်လိုက်ပြီး တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က အီရန်အစိုးရဆီကလာနေတဲ့ လက်ငင်းခြိမ်းခြောက်မှုတွေကို ဖယ်ရှားပြီး အမေရိကန်ပြည်သူတွေကိုကာကွယ်ဖို့ဖြစ်သလို၊ အီရန်အနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်စေဖို့ အာမခံချက်ပေးနိုင်ဖို့လည်း ဖြစ်ပါတယ်လို့ ပြောပါတယ်။


အဲ့ဒီဗီဒီယိုထဲမှာ အီရန်ပြည်သူတွေကိုလည်းသတင်းစကားပြောကြားခဲ့ပြီး အီရန်ပြည်သူတွေအနေနဲ့ အိမ်တွေထဲမှာနဲ့ဘေးကင်းတဲ့နေရာတွေမှာပဲ နေထိုင်ကြပြီး အိမ်ပြင်မထွက်ကြဖို့လည်းသတိပေးခဲ့ပါတယ်။


"ကျွန်တော်တို့အလုပ်ပြီးသွားတဲ့အခါ ခင်ဗျားတို့ရဲ့အစိုးရကိုခင်ဗျားတို့ကိုယ်တိုင်ပြန်လည်တာဝန်ယူကြပါ။ ဒါဟာ ခင်ဗျားတို့အတွက် မျိုးဆက်ပေါင်း များစွာအတွင်း ရရှိမယ့်တခုတည်းသော အခွင့်အရေးဖြစ်နိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း အမေရိကန်သမ္မတထရမ့်လိုပဲ အလားတူသတင်းစကားမျိုး အီရန်ပြည်သူတွေဆီပါးခဲ့ပါတယ်။ “အာဏာရှင်စနစ်ရဲ့ ဝန်ထုပ်ဝန်ပိုးကိုစွန့်လွှတ်ပြီး လွတ်လပ်ပြီးငြိမ်းချမ်းတဲ့ အီရန်နိုင်ငံကိုဖော်ဆောင်ရန်”တိုက်တွန်းခဲ့ပြီး သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အီရန်ပြည်သူတွေကိုတိုက်တွန်းခဲ့ပါတယ်။


အမေရိကန်နဲ့ အစ္စရေးခေါင်းဆောင်နှစ်ဦးစလုံးရဲ့ပြောကြားချက်အရ အခုတိုက်ခိုက်မှုဟာ အီရန်နိုင်ငံရဲ့စစ်ရေးပစ်မှတ်တွေကိုဖျက်ဆီးဖို့သာမက အီရန်ပြည်သူတွေကိုလှုံ့ဆော်ပြီး အစိုးရကိုတော်လှန်စေဖို့ရည်ရွယ်ထားတဲ့ "အစိုးရအပြောင်းအလဲ" မဟာဗျူဟာဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။


အီရန်ဘက်က လက်တုံ့ပြန်မှု

အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် ပူးတွဲလေကြောင်းတိုက်ခိုက်မှုတွေအပြီးမှာ အီရန်နိုင်ငံရဲ့အဆင်အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားလုံခြုံရေးကောင်စီ (SNSC)က “ပြင်းထန်တဲ့ တုံ့ပြန်မှု” တစ်ခုပြုလုပ်မယ်လို့ ထုတ်ပြန်ခဲ့ပြီး၊ အခုတိုက်ခိုက်မှုဟာ အမေရိကန်အစိုးရနဲ့ “ညှိနှိုင်းမှုတွေ ပြုလုပ်နေတဲ့အချန်အတွင်းဖြစ်ပွားခဲ့တာလို့ ထောက်ပြခဲ့ပါတယ်။


အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကို အီရန်ဘက်ကလက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံတွင်းနဲ့ဘာရိန်းနိုင်ငံထဲက အမေရိကန်ရေတပ် အမှတ် (၅) ဖလိတ် (US Navy 5th Fleet) စခန်းကို ဒုံးကျည်တွေနဲ့တိုက်ခိုက်နေပါတယ်။


ဘာရိန်းပြည်တွင်းရေးဝန်ကြီးဌာနက အချက်ပေးဥဩဆွဲပြီး အရပ်သားပြည်သူ တွေ အနီးဆုံး ဘေးကင်းရာနေရာတွေမှာနေကြဖို့ တိုက်တွန်းထားပါတယ်။


အဲ့ဒီတိုက်ခိုက်မှုကို အီရန်ကလက်တုန့်ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံက အစ္စရေးနိုင်ငံနဲ့ဒေသတွင်းရှိ (ကူဝိတ်၊ ကာတာ၊ ယူအေအီနဲ့ နှင့် ဘာရိန်း)တို့မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကိုဒုံးကျည်တွေနဲ့ပြင်းထန်စွာပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။


အမေရိကန်နဲ့အစ္စရေးတို့က အီရန်နိုင်ငံကိုပူးတွဲတိုက်ခိုက်ခဲ့တာကနေ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို စစ်မီးကူးစက်တော့မယ့်အခြေအနေရောက်ရှိနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page