ဗင်နီဇွဲလားနဲ့ဆက်စပ်နေတဲ့ ပဉ္စမမြောက်ရေနံတင်သင်္ဘောကို အမေရိကန်က ဖမ်းဆီး
- BVJ

- 1 day ago
- 1 min read
အီးကေ/BVJ_ ဒီဇင်ဘာ ၁၀၊ ၂၀၂၆

အမေရိကန်အစိုးရက ဗင်နီဇွဲလားနိုင်ငံအပေါ် ဖိအားပေးလုပ်ဆောင်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ကာရစ်ဘီယံပင်လယ်ထဲမှာနောက်ထပ် ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။
အမေရိကန်စစ်ဘက်တောင်ပိုင်းကွပ်ကဲမှုဌာနက သောကြာနေ့မှာထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ သူတို့တပ်ဖွဲ့က အိုလီနာရေနံတင်သင်္ဘောကို “ဘာထိခိုက်မှုမျှမရှိဘဲ ဖမ်းဆီးနိုင်ခဲ့ကြောင်း" ဖော်ပြထားပါတယ်။
ဒါပေမယ့် အဲ့ဒီရေနံတင်သင်္ဘောကို ဘာကြောင့်ပစ်မှတ်ထားဖမ်းဆီးခဲ့ရလဲ၊ ဘယ်လိုချိုးဖောက်မှုတွေကျူးလွန်လို့ ဖမ်းဆီးရတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာမတွေ့ရပါဘူး။
အမေရိကန်အစိုးရရဲ့မှတ်တမ်းတွေထဲမှာ အိုလီနာOlina သင်္ဘောဟာယခင်က Minerva M နာမည်ကနေပြောင်းထားတာဖြစ်ပြီး ရုရှားရေနံတွေနဲ့ပတ်သက်တဲ့အတွက် ပိတ်ဆို့ခံထားအရေးယူခံထားရတယ်လို့ APသတင်းဌာနက သတင်းဖော်ပြချက်အရသိရပါတယ်။
Bella-1 လို့ မူလကလူသိများတဲ့ ရုရှားအလံလွှင့်ထူထားတဲ့ Marinera ရေနံတင်သင်္ဘောအပါအဝင် ရေနံတင်သင်္ဘောနှစ်စင်းကိုဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာမှာ အခုအိုလီနာOlina သင်္ဘောကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။ အခုအပတ်အစောပိုင်းကလည်း ကာရစ်ဘီယံပင်လယ်ထဲမှာ အခြားရေနံတင်သင်္ဘောတစ်စင်း M Sophiaကိုဖမ်းဆီးခဲ့ပြီး “နိုင်ငံမဲ့” သင်္ဘောအဖြစ်ဖော်ပြခဲ့ပါတယ်။
အဲ့ဒီဖမ်းဆီးမှုကို နိုင်ငံတကာရေကြောင်းဥပဒေကို “ကြီးလေးစွာချိုးဖောက်မှု” အဖြစ် ရုရှားကရှုတ်ချခဲ့ပြီး သင်္ဘောသားတွေကိုပြန်လွှတ်ပေးဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။
စနေနေ့မှာ အမေရိကန်စစ်တပ်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးခဲ့တဲ့လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေကိုပြင်းထန်စွာချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့ကြပြီးနောက်ပိုင်းမှာ အမေရိကန်မအစိုးရကပိတ်ဆို့အရေးယူထားတဲ့ ရေနံတင်သင်္ဘောတွေကို ဆက်လက်ပိတ်ဆို့ထားမယ်လို့ ကတိပြုခဲ့ပါတယ်။ ပြီးတော့ ရုရှားနဲ့တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့လည်း ဗင်နီဇွဲလားအစိုးရကို တောင်းဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မာဒူရိုကိုဖမ်းဆီးတဲ့စစ်ဆင်ရေးအပြင် သူတို့ချပေးတဲ့လမ်းကြောင်းကိုမလိုက်နာရင် ပိတ်ဆို့မှုတွေဆက်လုပ်မှာဖြစ်ပြီး၊ဗင်နီဇွဲလားနိုင်ငံကကြီးမားတဲ့ ရေနံသိုက်တွေမှာ အမေရိကန်ကုမ္ပဏီတွေ စေလွှ တ်ဖို့ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ထရမ့်က သောကြာနေ့နှောင်းပိုင်းမှာလည်း အိမ်ဖြူတော်မှာရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်အရာရှိတွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။







Comments