“ပထမအကြိမ်တုန်းက ကံကောင်းလို့နိုင်သွားတာလို့ပြောကြတယ်။ အခုလဲ ဆက်ပြောကြဦးလေ”

အီးကေ/BVJ

အမေရိကန်နိုင်ငံ၊လော့စ်အိန်ဂျလိစ်မြို့ Crypto.comArenaမှာ စနေနေ့ညက ကျင်းပခဲ့တဲ့ UFC 331ပွဲစဉ်ရဲ့ပင်မပွဲကြီးမှာ UFCဖလိုင်းဝိတ်ချန်ပီယံ ဂျိုရွှာဗန်ဟာ အလက်ဇန္ဒား ပါန်တိုဂျာကို ဒိုင်တွေရဲ့အပြတ်အသတ်ဆုံးဖြတ်ချက်နဲ့အနိုင်ယူပြီး ၁၂၅ ပေါင် ချန်ပီယံခါးပတ်ဆုကို အောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်။
ငါးချီထိုးသတ်ရမယ့်ဒီပြိုင်ပွဲမှာ ဒိုင်တွေကဂျိုရွှာဗန်ဘက်ကနေ ၅၀-၄၅၊ ၄၉-၄၆ နဲ့ ၄၉-၄၇ဆိုပြီးအမှတ်ပေးခဲ့ကြပါတယ်။ ဒီလိုပြတ်ပြတ်သားသားအနိုင်ရလိုက်တာက လွန်ခဲ့တဲ့ ၁၀ လတုန်းကပန်တိုဂျာနဲ့ထိုးခဲ့တဲ့ပွဲမှာ ပန်တိုဂျာလက်ကျိုးသွားလို့ ၂၆ စက္ကန့်နဲ့ပြီးဆုံးသွားခဲ့ရတဲ့ ပထမပွဲအနိုင်ရခဲ့တဲ့သံသယရှိမှုကို အပြီးအပိုင်ဖယ်ရှားပေးလိုက်နိုင်ပါပြီ။
မြန်မာနိုင်ငံမှာမွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် UFCဖလိုင်းဝိတ်ချန်ပီယံ ဂျိုရွှာဗန်ဟာသူတရားဝင်အနိုင်ရရှိကြောင်းကြေညာလိုက်ပြီးချင်းမှာပဲ သူ့ကိုဝေဖန်သူတွေကိုအခုလိုတုံ့ပြန်ပြောဆိုခဲ့ပါတယ်။
"သင့်ရဲ့အခြေအနေက သင့်ဘဝကိုအဓိပ္ပာယ်သတ်မှတ်ခွင့်မပေးလိုက်ပါနဲ့"လို့ UFC ဖလိုင်းဝိတ် ချန်ပီယံ ဂျိုရှူးဗန်ကပြောပါတယ်။ "ပထမအကြိမ်တုန်းကတော့ဒါကံကောင်းလို့နိုင်သွားတာလို့ လူအများစုကပြောကြတယ်။ ကဲ... အခုရော ငါ့ကိုဆက်ပြောကြဦးလေ"
UFCစာရင်းဇယားတွေအရ ဂျိုရှူးဗန်ဟာပွဲတလျှောက်လုံးမှာ ပန်တိုဂျာရဲ့ လဲကျအောင်ထိုးနှက်ဖို့ကြိုးစားမှု ၁၈ ကြိမ်မှာ ၁၃ကြိမ်တိုင်တိုင်တားဆီးနိုင်ခဲ့ပြီး၊ စုစုပေါင်းထိုးနှက်ချက်မှာလည်း သူ့ရဲ့ပြိုင်ဘက်ကို ၂၅၉ ချက်အထိသာလွန်ထိုးနှက်နိုင်ခဲ့ကာ ဒုတိယပိုင်းမြေပြင်ထိုးသတ်မှုတွေမှာလည်း ခြေချုပ်ကွက်နဲ့ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ခုခံကာကွယ်ရင်း မြေပြင်ထိုးသတ်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ဂျိုရွှာဗန်ဟာ ချန်ပီယံဟောင်းပန်တိုဂျာရဲ့ကြံ့ကြံ့ခံနိုင်စွမ်းကို အသိအမှတ်ပြုပြောဆိုခဲ့ပါတယ်။
"ပန်တိုဂျာကို အပြည့်အဝလေးစားပါတယ်" လို့ ဗန်ကဆိုပါတယ်။
"သူ့ကို အလဲထိုးဖို့ကတကယ်ခက်ပါတယ်။ ကျွန်တော်ချုပ်ကွက်မိအောင် လုပ်ခဲ့ပေမယ့် ဒီကနေဘယ်လိုလွတ်သွားလဲတော့မသိဘူး။ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် သူ့ကို ကျွန်တော်အနိုင်ယူလို့ရတယ်ဆိုတာ အခိုင်အမာသက်သေပြချင်ရုံပါပဲ"

ဒီအနိုင်ရရှိမှုဟာ မေလတုန်းက တဆူရို တိုင်ရာကိုအလဲထိုးအနိုင်ရခဲ့ပြီးနောက် အခုနှစ်အတွင်း ဂျိုရွှာဗန်အတွက် ဒုတိယအကြိမ်မြောက်အောင်မြင်တဲ့ ခါးပတ်ကာကွယ်ပွဲဖြစ်လာခဲ့ပါတယ်။
တရားဝင်မှတ်တမ်းတွေအရ ဒီပွဲစဉ်ကိုကြည့်ရှုသူပရိသတ် ၁၉,၃၅၇ ဦးလာရောက်အားပေးခဲ့ကြပြီး ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၈.၃ သန်းရရှိခဲ့ကာ Crypto.comArenaရဲ့ အရင်စံချိန်ကိုပါကျော်ဖြတ်ပြီး အသစ်တဖန်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒီသမိုင်းဝင်ပွဲစဉ်အပြီးမှာ UFCရဲ့ အမှုဆောင်အရာရှိချုပ် ဒါနာ ဝှိုက်က ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရွှာဗန်ရဲ့ စွမ်းဆောင်နိုင်မှုနဲ့ပတ်သက်ပြီး အခုလိုချီးကျူးပြောဆိုခဲ့ပါတယ်။
"သူက ဒီ[ဖလိုင်းဝိတ်]တန်းအတွက် အကောင်းဆုံးကစားသမားပဲ"လို့ UFC CEO ဒါနာဝှိုက်ကပြောပါတယ်။ "သူက ဒီတန်းကိုတောက်ပမှု၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပျော်စရာကောင်းမှုတွေကိုယူဆောင်လာပေးတယ်။ ကြည့်နေရင်းနဲ့ ငါးချီဘယ်လိုရောက်သွားမှန်းတောင် ကျွန်တော်မသိလိုက်ဘူး။ တကယ့်ပွဲကောင်းတပွဲပါ”

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ပန်တိုဂျာဟာ အခုရှုံးပွဲကြောင့် ပရော်ဖက်ရှင်နယ် ရိခ်ကော့ဒ် အနိုင် ၃၀၊ ရှုံး ၇ ပွဲဖြစ်လာခဲ့ပါတယ်။ ဘရာဇီးလ်နိုင်ငံသား ချန်ပီယံဟောင်းဟာ ဒီဇင်ဘာလတုန်းက ဂျိုရှူးဗန်နဲ့ မတွေ့ဆုံမီအထိ ဖလိုင်းဝိတ်ခါးပတ်ကို ၄ ကြိမ်တိုင်တိုင်အောင်မြင်စွာကာကွယ်နိုင်ခဲ့သူဖြစ်ပါတယ်။
အခုလိုအနိုင်ရရှိမှုကတော့ လက်ရှိမှာအနိုင်ပွဲ ၄ ပွဲဆက်ရရှိထားတဲ့ အင်ဂိုလာနိုင်ငံသား မာနယ် ကာပီ (Manel Kape)နဲ့ဂျိုရှူးဗန်တို့ရဲ့ နောက်တစ်ကြိမ် ဖြစ်လာနိုင်ခြေရှိတဲ့ ခါးပတ်ကာကွယ်ပွဲအတွက်လမ်းစပွင့်သွားစေခဲ့ပြီဖြစ်ပါတယ်။




Comments