ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတွေကိုဖောက်ဖျက်ရာမှာ အတုအယောင်စာချုပ်တွေအသုံးပြုခဲ့တယ်လို့ ပရီးမီးယားလိဂ်က မန်စီးတီးကိုစွပ်စွဲ

အီးကေ/BVJ

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ရဲ့ ဆုံးဖြတ်ချက်အရ မန်ချက်စတာစီးတီး (Manchester City) အသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို ပြင်းထန်စွာ ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတယ်လို့ ပရီးမီးယားလိဂ်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ သက်တမ်းအားဖြင့် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ဝင်ငွေတိုးမြှင့်ဖော်ပြဖို့နဲ့ ကုန်ကျစရိတ်တွေကို ပေါင်သန်း ၉၀၀ ကျော် လျှော့ချဖော်ပြနိုင်ဖို့အတွက် အတုအယောင် (Sham) ကူးသန်းရောင်းဝယ်ရေးစာချုပ်တွေကို စီမံချက်တစ်ခုအနေနဲ့အသုံးပြုခဲ့တယ်လို့ ပရီးမီးယားလိဂ်ကဖော်ပြခဲ့ပါတယ်။
၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအထိ (၉) ရာသီတိုင်တိုင် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တဲ့ စွဲချက်အားလုံးအပြင်၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွဲချက်လေးခုအနက်သုံးခုမှာလည်း မန်စီးတီးအသင်း အပြစ်ရှိကြောင်း အဆိုပါကော်မရှင်က ဆုံးဖြတ်ခဲ့ပါတယ်။
အပြစ်လုပ်ဆောင်မှုကို ငြင်းဆိုထားတဲ့ မန်စီးတီးအသင်းကတော့ "ဒီဆုံးဖြတ် ချက်ဟာ ဥပဒေပိုင်းဆိုင်ရာ၊ အခြေခံမူပိုင်းဆိုင်ရာနဲ့ အချက်အလက်ပိုင်းဆိုင်ရာတွေမှာ အမှားအယွင်းတွေ ပါဝင်နေပြီး ယုံကြည်စိတ်ချရမှု မရှိဘူးဆိုတဲ့ အချက်ပေါ် အခြေခံပြီး အယူခံဝင်သွားမှာ ဖြစ်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိတော့ အရေးယူဒဏ်ခတ်မှု တစ်စုံတစ်ရာ ချမှတ်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောက ကို စိုးမိုးထားခဲ့တဲ့ အသင်းတစ်သင်းအနေနဲ့ နောင်လာမည့် နောက်ဆက်တွဲ အကျိုးဆက်တွေက ဘာတွေဖြစ်လာမလဲဆိုတာ မသေချာသေးပါဘူး။
အခုလို အရေးကြီးတဲ့ အရေးယူမှုကြီး ထွက်ပေါ်လာခြင်းက အတိတ်နဲ့ အနာဂတ် ချန်ပီယံဆု လုပွဲတွေ၊ ဥရောပပြိုင်ပွဲဝင်ခွင့်တွေ၊ အပြင် ပေါင်သန်းနဲ့ချီတဲ့ ဆုကြေးငွေ ခွဲဝေမှုတွေအပေါ်ပါ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ဒီအမှုဟာ ဘဏ္ဍာရေးဆိုင်ရာ အုပ်ချုပ်မှု၊ ပြိုင်ဆိုင်မှု တရားမျှတမှုနဲ့ အင်အားအကြီးဆုံး အသင်းတွေကို တာဝန်ခံခိုင်းနိုင်စွမ်း ပရီးမီးယားလိဂ်မှာ ရှိ၊ မရှိဆိုတဲ့ မေးခွန်းတွေကိုလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာစေခဲ့ပါတယ်။
'အတုအယောင် စာချုပ်များ'
ကူးသန်းရောင်းဝယ်ရေး မိတ်ဖက်အချို့နဲ့ ချုပ်ဆိုခဲ့တဲ့ တကယ့်သဘောတူညီချက်တွေကို သဘောသဘာဝ လွဲမှားစေပြီး ပြသခဲ့တဲ့ "အတုအယောင်" စာချုပ်တွေကို မန်စီးတီးအသင်းက စီစဉ်ခဲ့ကြောင်း၊ ဝင်ငွေတိုးလာစေရန်နဲ့ ကုန်ကျ စရိတ်တွေကို တမင်တကာ လျှော့ချပြနိုင်ရန်အတွက် အခြားအသင်းတွေနဲ့ပါ အလားတူ သဘောတူညီချက်တွေကို အားကိုးခဲ့ကြောင်း လွတ်လပ်သော ကော်မရှင်က တွေ့ရှိခဲ့တယ်လို့ ပရီးမီးယားလိဂ် က ပြောကြားခဲ့ပါတယ်။
စပွန်ဆာအများစုဟာ သက်ဆိုင်ရာ သဘောတူညီချက်တွေမှာ မှတ်တမ်းတင်ထားတဲ့ ငွေကြေး တစ်စိတ်တစ်ပိုင်းကိုသာ ပေးဆောင်ခဲ့ကြရပြီး၊ ကျန်ငွေလက်ကျန်တွေကိုတော့ အသင်းပိုင်ရှင်ဖြစ်တဲ့ အဘူဒါဘီ ယူနိုက်တက် ဂရုပ် (Abu Dhabi United Group Investment & Development Ltd - ADUG) က ဖြည့်ဆည်းပေးခဲ့တယ်လို့ တွေ့ရှိခဲ့ရပါတယ်။
ဒါ့အပြင် မန်စီးတီးအသင်းရဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေ လျော့နည်းနေပုံပေါ်အောင် ADUG က ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ စီစဉ်ဆောင်ရွက်ချက်တွေကိုလည်း ကော်မရှင်က ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်ချက်တွေဟာ မန်စီးတီးအသင်းရဲ့ ဝင်ငွေကို ဖောင်းပွစေခဲ့ပြီး ကုန်ကျစရိတ်တွေကို လျှော့ချပေးခဲ့ကာ၊ အသင်းအနေနဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာဆောင်ရွက်နေပုံပေါ်အောင် ဖန်တီးပြသနိုင်ခဲ့တယ်လို့ လေဂ်က ဆိုပါတယ်။
ရက်ပေါင်း ၄၂ ရက်ကြာမြင့်ခဲ့တဲ့ အဆိုပါ ကြားနာပွဲမှာ အသင်းရဲ့ သက်သေအချို့ဟာ မှားယွင်းတဲ့ သက်သေခံချက်တွေကို တင်သွင်းခဲ့ကြပြီး အချို့ကလည်း ကော်မရှင်ကို တမင်တကာ လှည့်ဖြားခဲ့ကြတယ်လို့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
အကယ်၍ အဆိုပါ သဘောတူညီချက်တွေကို တိတိကျကျသာ တင်ပြခဲ့မယ်ဆိုရင် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ ယူဖာ (UEFA) ရဲ့ ငွေကြေးသုံးစွဲမှု ကန့်သတ်ချက် နှစ်ရပ်စလုံးကို "သိသိသာသာကြီးကို" ကျူးလွန်ဖောက်ဖျက်ခဲ့မှာ ဖြစ်တယ်လို့ ကော်မရှင်က နိဂုံးချုပ် ကောက်ချက်ချခဲ့ပါတယ်။
"အဓိက ဆုံးဖြတ်ချက်က... အသင်းအနေနဲ့ ဆယ်စုနှစ်တစ်ခုနီးပါး ဘယ်လိုစနစ်တကျနဲ့ ပရီးမီးယားလိဂ် စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတာကို အသေးစိတ် ဖော်ပြနေပါတယ်" လို့ ပရီးမီးယားလိဂ် အမှုဆောင်အရာရှိချုပ် ရစ်ချာ့ဒ် မာစတာစ် (Richard Masters) က ပြောကြားခဲ့ပါတယ်။
ဒီအမှုနဲ့ ဆုံးဖြတ်ချက်ဟာ "ပရီးမီးယားလိဂ်သမိုင်းမှာ အအရေးပါဆုံး" ဖြစ်တယ်လို့ မာစတာစ်က တင်စားပြောဆိုခဲ့ပေမယ့် အဓိက အရေးအကြီးဆုံး အချက်တစ်ချက်ဖြစ်တဲ့ ချမှတ်မယ့် အရေးယူဒဏ်ခတ်မှုကိစ္စကတော့ မပြီးပြတ်သေးဘဲ ဆက်လက်ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
"အခု ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီဖြစ်တဲ့အတွက် ပရီးမီးယားလီဂ်အတွက်ရော၊ ကျွန်ုပ်တို့ရဲ့ အသင်းတွေနဲ့ ပရိသတ်တွေအတွက်ပါ တည်ငြိမ်သေချာမှု ရှိစေဖို့ ဒီလုပ်ငန်းစဉ်ရဲ့ ကျန်ရှိနေသေးတဲ့ အပိုင်းတွေကို လျင်မြန်စွာ ဆက်လက်လုပ်ဆောင်သွားဖို့ ကတိပြုပါတယ်" လို့ သူက ထပ်လောင်းပြောပါတယ်။
အယူခံဝင်မည့် မန်စီးတီး
ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိတ်ပျက်မိသလို အံ့သြမိကြောင်း မန်စီးတီးအသင်းက ပြောကြားခဲ့ပါတယ်။
"ပရီးမီးယားလိဂ်ဘက်က စွပ်စွဲထားတဲ့ အချက်တွေနဲ့ပတ်သက်လို့ အသင်းအနေနဲ့ လုံးဝ အပြစ်ကင်းစင်ပါတယ်။ ဒီအမှုနဲ့ပတ်သက်တဲ့ အသင်းရဲ့ ရပ်တည်ချက်မှန်သမျှကို ခိုင်လုံပြီး ငြင်းမရနိုင်တဲ့ အထောက်အထား အပြည့်အစုံ ရှိပါတယ်" လို့ အသင်းက ဆိုပါတယ်။
"မန်စီးတီးအသင်းအနေနဲ့ ဥပဒေပိုင်းဆိုင်ရာ၊ အခြေခံမူပိုင်းဆိုင်ရာနဲ့ အချက်အလက်ပိုင်းဆိုင်ရာတွေမှာ ရှင်းလင်းတဲ့ မှားယွင်းမှုတွေ ပါဝင်နေပြီး ယုံကြည်စိတ်ချရမှု မရှိဘူးဆိုတဲ့ အချက်ပေါ် အခြေခံပြီး အယူခံဝင်မယ့်လမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်"
အသင်းအနေနဲ့ အယူခံဝင်ရန် သောကြာနေ့အထိ အချိန်ရရှိထားပါတယ်။ အကယ်၍ မန်စီးတီးဘက်က အယူခံဝင်ခဲ့မယ်ဆိုရင် မည်သည့် အရေးယူဒဏ်ခတ်မှုကိုမဆို အလိုအလျောက် ရပ်ဆိုင်းသွားစေမှာလားလို့ ရိုက်တာသတင်းဌာနက မေးမြန်းခဲ့ရာမှာ ပရီးမီးယားလီဂ်ကိုယ်စားလှယ်ကတော့ လျှို့ဝှက်ချက် ထိန်းသိမ်းရမည့် စည်းမျဉ်းများကြောင့် "အဆိုပါ လုပ်ငန်းစဉ်အတွင်းဝင်ရောက် မှတ်ချက်မပေးနိုင်ကြောင်း" ဖြေကြားခဲ့ပါတယ်။
'တစ်ကွက်တည်းသော မှားယွင်းသည့် စွပ်စွဲချက်'
မန်စီးတီး အမှုဆောင်အရာရှိချုပ် ဖာရန် ဆိုရီယာနို (Ferran Soriano) က ဝန်ထမ်းတွေဆီ ဗီဒီယို မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့ရာမှာ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး ကော်မရှင်ဟာ ပရီးမီးယားလိဂ်ရဲ့ "ကြံစည်ကြံဖန်ထားတဲ့ ဝါဒ (Conspiracy Theory)" ကို ထောက်ခံအားပေးနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
"ကျွန်ုပ်တို့အပေါ် ပရီးမီးယားလိဂ် စွဲဆိုထားတဲ့ အမှုတစ်ခုလုံးဟာ အဘူဒါဘီက စပွန်ဆာအချို့ကနေတစ်ဆင့် ပိုင်ရှင်ရဲ့ ကိုယ်ပိုင်ငွေတွေကို လျှို့ဝှက်ချက်နဲ့ အသင်းထဲ ထည့်သွင်းခဲ့တယ်ဆိုတဲ့ တစ်ခုတည်းသော မှားယွင်းတဲ့ စွပ်စွဲချက်အပေါ်မှာသာ အခြေခံထားပါတယ်" လို့ ဆိုရီယာနိုက ပြောပါတယ်။
"ဒါဟာ လုံးဝ မမှန်ကန်ပါဘူး။ ဘယ်လိုမှ မဖြစ်နိုင်သလို တကယ်လည်း မဖြစ်ခဲ့ဘူးဆိုတာကို ပြသနေတဲ့ ငြင်းမရနိုင်တဲ့ အထောက်အထားတွေကို ပရီးမီးယားလိဂ် ကော်မရှင်ထံ တင်ပြထားပြီး ဖြစ်ပါတယ်"
အာဆင်နယ်နဲ့ နော်တင်ဟတ် ဖောရက်စ် အသင်းတို့ရဲ့ ကိုယ်စားလှယ်တွေကတော့ ဆက်သွယ်မေးမြန်းမှုအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ မန်ချက်စရာ ယူနိုက်တက် ကိုယ်စားလှယ်ကလည်း ရိုက်တာရဲ့ ဆက်သွယ်မှုကို မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ခရက်ဒစ်- Reuters




Comments