ဗြိတိန် စံချိန်တင်ပေါင် ၁၂၅ သန်းနဲ့ မန်စီးတီးကို ဖာနန်ဒက်ဇ်ပြောင်းရွှေ့
- BVJ

- 4 hours ago
- 1 min read
အီးကေ/BVJ_စက်တင်ဘာ ၂၊ ၂၀၂၆

ချယ်ဆီးအသင်းက ကွင်းလယ်လူ အင်ဇို ဖာနန်ဒက်ဇ် (Enzo Fernandez)ကို ဗြိတိန်ပြောင်းရွှေ့ကြေး စံချိန်တင် ပေါင် ၁၂၅ သန်းနဲ့ခေါ်ယူလိုက်ပြီဖြစ်ကြောင်း မန်ချက်စတာ စီတီးအသင်းက တရားဝင်ကြေညာလိုက်ပါတယ်။
ဒီဖာနန်ဒက်ဇ်ရဲ့အပြောင်းအရွှေ့ကြောင့် မန်စီးတီးအသင်းရဲ့တစ်ခုတည်းသော ပြောင်းရွှေ့ဈေးကွက်အတွင်းအသုံးစရိတ်ဟာ ပရီးမီးယားလိဂ် စံချိန်တင် ပေါင် ၄၅၈ သန်းအထိရောက်ရှိသွားခဲ့ပြီး ဒါဟာပြီးခဲ့တဲ့နွေရာသီက လီဗာပူးအသင်းရဲ့ ပေါင် ၄၁၅ သန်း စံချိန်ကိုကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဟာ ဒီနွေရာသီမှာကစားသမားရောင်းချမှုတွေကနေ ပေါင်သန်းသုံးရာဝန်းကျင်အထိ ပြန်လည်ရရှိထားပါတယ်။
ဖာနန်ဒက်ဇ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဘင်ဖီကာအသင်းကနေ ချယ်ဆီးအသင်းဆီကို အဲဒီအချိန်ကဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အခုလိုနောက်ဆုံးပြောင်းရွှေ့မှုကတော့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ ပိတ်ရက်မှာ လီဗာပူးအသင်းကအလက်ဇန်းဒါး အီဆက် (Alexander Isak)အတွက် ပေးချေခဲ့တဲ့ ပေါင် ၁၂၅ သန်းနဲ့ထပ်တူကျနေပါတယ်။
ကလပ်အသင်းနှစ်သင်းဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အကြိတ်အနယ်ညှိနှိုင်းခဲ့ကြပြီး အင်္ဂါနေ့အစောပိုင်းမှာပဲသဘောတူညီမှုရရှိခဲ့ကြတာပါ။
ဒီနွေရာသီအစောပိုင်းတုန်းက ရီးရဲလ်မက်ဒရစ်အသင်းဆီပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်ဖာနန်ဒက်ဇ်ဟာ ရီးရဲလ် ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ချယ်ဆီးပရိသတ်တွေရဲ့ ဆဲဆိုမှုကိုခံခဲ့ရသလို၊ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ဖူဟမ်နဲ့ပွဲမှာ လူစားလဲအနေနဲ့ဝင်လာချိန်မှာလည်း ပရိသတ်တွေရဲ့ဝေဖန်မှုကို ထပ်မံခံခဲ့ရပါတယ်။
အာဂျင်တီးနားကစားသမားဟာ တနင်္ဂနွေနေ့က ဘရိုက်တန်ကို ၄-၃ ဂိုးနဲ့နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာရော၊ သုံးရက်အစောပိုင်းက လူတန်ကို ၂-ဂိုး မရှိနဲ့နိုင်ခဲ့တဲ့ ကာရာဘူဖလားပွဲမှာပါ ပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။ အာဂျင်တီးနား သတင်းတွေရဲ့ဖော်ပြချက်အရ သူဟာလူစာရင်းကနေဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
"ဒီရက်ပိုင်းတွေက ကျွန်တော့်အတွက် လွယ်ကူတဲ့ရက်တွေမဟုတ်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ကိုသိစေချင်ပါတယ်" လို့ ဖာနန်ဒက်ဇ်က ချယ်ဆီးပရိသတ်တွေကို ရည်ရွယ်ပြီး အင်စတာဂရမ်မှာရေးသားထားတဲ့ ပွင့်လင်းစာမှာဖော်ပြထားပါတယ်။
"ဒီစာကို ရေးရတာလည်း မလွယ်ကူပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော် စိတ်အခြေအနေသိပ်မကောင်းခဲ့ပါဘူး။ [ချယ်ဆီးကို]ရောက်လာတဲ့အချိန်ကစပြီး ဒီကလပ်အသင်းသမိုင်းကြောင်းနဲ့ထိုက်တန်တဲ့ဆုဖလားတိုင်းကို ဆွတ်ခူးနိုင်ဖို့အတွက်ပဲကျွန်တော်စိတ်ဝင်စားနေခဲ့တာပါ။
"ကျွန်တော်တို့ ခံစားခဲ့ရတယ်၊ ငိုခဲ့ရတယ်၊ ကျွန်တော်အကြိမ်ကြိမ် စိတ်ဆိုးခဲ့ရတယ်။ဒါပေမဲ့လည်း ဆုဖလားတွေနဲ့ မေ့မရနိုင်တဲ့အနိုင်ရရှိမှုတွေကိုလည်း အတူတူပျော်ရွှင်ခဲ့ကြပါသေးတယ်။ အခက်အခဲတွေကြားထဲမှာရော ကောင်းမွန်တဲ့အချိန်တွေမှာပါ ကျွန်တော်တို့အမြဲတမ်းအတူတူရှိခဲ့ကြပါတယ်" လို့ ဆိုပါတယ်။
ချယ်ဆီးအသင်းဟာ သူ့ရဲ့ရင်ထဲမှာ "အမြဲတမ်း ရှိနေမှာပါ"လို့ဆိုပြီး အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ချက်ဟာ "ခက်ခဲခဲ့ပေမဲ့" သာမန်ပရိသတ်တွေရဲ့ နေရာမှာသာ ကိုယ်တိုင်ရှိနေမယ်ဆိုရင်လည်း "ဒီလိုပဲ တွေးမိမှာပါ" လို့ ဖာနန်ဒက်ဇ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
၂၀၂၆-၂၇ ရာသီမစတင်မီ မရေရာမှုတွေကိုအဆုံးသတ်နိုင်ဖို့အတွက် ဖာနန်ဒက်ဇ်အတွက်ပြောင်းရွှေ့ကြေး ပေါင် ၁၂၀ သန်း သို့မဟုတ် အထက် ကမ်းလှမ်းလိုတဲ့အသင်းတွေအတွက် ဩဂုတ်လ ၁၄ ရက်နေ့၊ ညနေ ၅ နာရီ (ဗြိတိန်စံတော်ချိန်) အထိ ချယ်ဆီးအသင်းက နောက်ဆုံးအချိန် သတ်မှတ်ပေးခဲ့ပါတယ်။
အာဂျင်တီးနား လက်ရွေးစင်ကစားသမားဟာ အီတလီလူမျိုး နည်းပြ (Enzo Maresca) အင်ဇိုမာရက်စကာ လက်ရှိ မန်စီးတီးနည်းပြ ချယ်ဆီးမှာ တာဝန်ယူစဉ်ကတည်းက လက်တွဲခဲ့ဖူးသူဖြစ်ပါတယ်။ မာရက်စကာဟာ ဒီနွေရာသီမှာ ကွင်းလယ်ကစားသမား အများအပြားလက်လွှတ်ခဲ့ရပြီးနောက် သူနဲ့အတူ ပြန်လည်လက်တွဲဖို့ အထူးလိုလားနေသူလည်းဖြစ်ပါတယ်။
"အခုလို နေရာမှာရှိနေရတဲ့အတွက် ကျွန်တော်အလွန်တရာမှကိုပျော်ရွှင်မိပြီး မန်စီးတီး ဆုဖလားတွေဆက်လက်ဆွတ်ခူးနိုင်ရေးအတွက် ကူညီပေးမယ့် စိန်ခေါ်မှုကို ရင်ဆိုင်ဖို့အသင့်ဖြစ်နေပါပြီ။ ဒါဟာ အောင်မြင်မှုတွေအတွက် တည်ဆောက်ထားတဲ့ ကလပ်အသင်း တစ်သင်းပါပဲ" လို့ ဖာနန်ဒက်ဇ်က အသင်းရဲ့ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။
"အသင်းရဲ့ လူစာရင်းကိုကြည့်လိုက်မယ်ဆိုရင် မန်စီးတီးမှာနေရာတိုင်းအတွက် အရည်အချင်းရှိတဲ့ ကစားသမားတွေရှိပါတယ်။ ကျွန်တော့်ရဲ့ အသင်းဖော်အသစ်တွေဆီကနေသင်ယူချင်ပြီး ပိုမိုကောင်းမွန်တဲ့ကစားသမားတစ်ဦး ဖြစ်လာချင်ပါတယ်။
"ကျွန်တော် အရာရာကို အကောင်းဆုံးပေးဆပ်သွားမှာဖြစ်ပြီး အခုလိုရောက်ရှိလာပြီဖြစ်တဲ့အတွက် မန်စီးတီးအတွက် ဒီထက်မကဆက်လက်ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်"လို့ဆိုပါတယ်။
နော်တင်ဟမ် ဖောရက်စ်အသင်းကနေ အဲလီယက် အန်ဒါဆန် (Elliot Anderson)ကို ဇူလိုင်လအတွင်းက ပေါင် ၁၁၆ သန်းနဲ့ခေါ်ယူခဲ့ပြီးနောက် မန်စီးတီးအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ပြောင်းရွှေ့ကြေးစံချိန်ကို နှစ်လအတွင်းနှစ်ကြိမ်မြောက်ချိုးဖျက်လိုက်တာ ဖြစ်ပါတယ်။
ဖာနန်ဒက်ဇ်ဟာ ချယ်ဆီးဆီရောက်လာတဲ့ မော်ဂန် ရိုဂျာစ် (ပေါင် ၁၁၇ သန်း)၊ လီဗာပူးကိုရောက်လာတဲ့ ဘရက်ဒလေ ဘာကိုလာ (ပေါင် ၁၂၃ သန်း)နဲ့မန်စီးတီးခေါ်ယူခဲ့တဲ့ အန်ဒါဆန်တို့နောက်ပိုင်း ဒီနွေရာသီမှာပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင် ၁၀၀ သန်းနဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဆီ ပြောင်းရွှေ့တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။
ခရက်ဒစ်- ဘီဘီစီ




Comments