ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူးသစ်တစ်ဦးမခေါ်ယူနိုင်ခဲ့တာဟာ အာဆင်နယ်အသင်းအတွက် အန္တရာယ်များတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာမလား

အီးကေ

"နောက်တစ်ဆင့်ကိုတက်လှမ်းချင်တယ်ဆိုရင် ရည်မှန်းချက်အရမ်းကြီးဖို့၊ အရမ်းမြန်ဆန်ဖို့နဲ့ ဉာဏ်ကောင်းဖို့လည်းလိုပါတယ်"
ဒါကတော့ ပြီးခဲ့တဲ့မေလက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကိုရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့ ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ ပတ်သက်လို့ မန်နေဂျာ မီခေးလ် အာတီတာရဲ့ရည်မှန်းချက်ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမျှော်မှန်းချက်တွေနဲ့အညီ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဒုတိယနေရာက မန်စီးတီးကို ၇မှတ်ဖြတ်ပြီးရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ပုံမှန်ပွဲချိန်အတွင်း တစ်ပွဲမှမရှုံးခဲ့ဘဲ လူဝစ်အင်းရစ်ရဲ့အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တာကလွဲပြီး ကျန်တဲ့ပွဲတွေမှာရလဒ်ကောင်းခဲ့ပါတယ်။
ဒါပေမဲ့ ဒီနွေရာသီအပြောင်းအရွှေ့ကာလကိုရောက်လာချိန်မှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းလာစေမယ့်အပြောင်းအလဲလုပ်နိုင်တဲ့ တိုက် စစ်ကစားသမားတစ်ဦးကို ရှာဖွေနေတယ်ဆိုတာသိသာထင်ရှားခဲ့ပါတယ်။
ဗစ်တာ ယိုးကာရက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီကပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ပေါင် ၆၄သန်းနဲ့ပြောင်းလာခဲ့ပြီး အာဆင်နယ်အတွက် ပထမဆုံးရာသီမှာပဲ သွင်းဂိုး ၂၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ခြေစွမ်းက အာတီတာရဲ့ အနာဂတ်အသင်းအတွက် အသင့်တော်ဆုံး ဟုတ်မဟုတ်ဆိုတဲ့ မေးခွန်းတွေကတော့ ဆက်ရှိနေဆဲပါ။
ဘယ်ခြမ်းတိုက်စစ်မှာလည်း အလားတူပါပဲ။ လီယန်ဒရို ထရော့ဆာ့ဒ်ဟာ ရာသီအစပိုင်းမှာကောင်းမွန်ခဲ့ပေမဲ့ နောက်ပိုင်းမှာခြေစွမ်းကျဆင်းသွားခဲ့ပါတယ်။ ဂါဘရီယယ် မာတီနယ်လီ ကလည်း ချန်ပီယံလိဂ်မှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမဲ့ လိဂ်ပွဲတွေမှာတော့ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အခုအခါမှာတော့ အဲဒီကစားသမားနှစ်ဦးစလုံး အသင်းကနေ ထွက်ခွာသွားကြပါပြီ။
ဒါပေမဲ့ ပြည်တွင်းနဲ့ ဥရောပဆုဖလား နှစ်လုံးတွဲကို ရည်မှန်းနိုင်တဲ့ အသင်းအတွက် ပိုမိုတိုး တက်ကောင်းမွန်လာစေမယ့် တိုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေဖို့ဆိုတာကတော့ တကယ်ကို ခက်ခဲကြောင်း ပြသနေပါတယ်။
ရှေ့တန်းကစားသမားတစ်ဦးကို ရှာဖွေခြင်း
အာဆင်နယ်အသင်းအနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်း တွေထဲက တစ်သင်း ဖြစ်ချင်နေပီဆိုတာကတော့ သေချာပါတယ်။ တိုင်း (Times) သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အမှုဆောင်အရာရှိချုပ် ရစ်ချတ် ဂါလစ် က ကမ္ဘာ့စူပါကလပ်အသင်း တွေစာရင်းထဲ ဝင်ရောက်ဖို့ဆိုတာ "ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါပဲ၊ အဲဒါကလည်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

အဲဒီအင်တာဗျူးမှာပဲ ဂါလစ်က "အသင်းကို ပိုကောင်းလာအောင် လုပ်မယ်ဆိုရင် လက်ရှိအချိန်မှာ ရယူနိုင်တဲ့ ကစားသမားအစုအဝေးက လွန်ခဲ့တဲ့နှစ်တွေကထက် ပိုပြီးနည်းသွားပါပြီ" လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။အာဆင်နယ်အတွက်တော့ ဒီနွေရာသီမှာ ဒါဟာ လက်တွေ့ကျတဲ့ အမှန်တရားတစ်ခု ဖြစ်လာခဲ့ပါတယ်။
အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာဟာ သူတို့ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ ကစားသမား အများအပြားနဲ့ တစ်ပြိုင်နက်တည်း ဆွေးနွေးမှုတွေပြုလုပ်ပြီး အပြောင်းအရွှေ့ကိစ္စတွေကို တစ်ပြိုင်နက်တည်း ပြင်ဆင်လေ့ရှိသူတစ်ဦးလို့ လူသိများပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မော်ဂန် ရိုဂျာ့စ်၊ ဘရက်ဒလေ ဘာကိုလာ၊ ဂျူလီယန် အာဗါရက်ဇ်နဲ့ ဗီနီစီးယက်စ် ဂျူနီယာတို့ကို စိတ်ဝင်စားခဲ့ပါတယ်။ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘယ်သူ့ကိုမှ မခေါ်ယူနိုင်ခဲ့ပါဘူး။
ဗီနီစီးယက်စ် ဂျူနီယာကို ခေါ်ယူဖို့ အာဆင်နယ်ရဲ့ ကြိုးပမ်းမှုဟာ လူသိရှင် ကြား ဖြစ်လာ ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သူ့ရဲ့ စာချုပ်အခြေအနေအပေါ် မူတည်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စပိန်ကလပ်အသင်းဟာ အာဆင်နယ်တို့ ဝင်ရောက်လာပြီးနောက်ပိုင်း ဗီနီစီးယက်စ်ကို အရင်ကထက် ပိုမိုကောင်းမွန်တဲ့ စာချုပ်ကမ်းလှမ်းမှုနဲ့ ထိန်းထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အာဆင်နယ် အသင်းအတွင်းမှာတော့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတစ်ဦးကို မြောက်လန်ဒန်ဆီ ခေါ်ဆောင်လာနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတဲ့ ကာလတစ်ခုလည်း ရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ မော်ဂန်ရိုဂျာ့စ်အတွက် အဘယ်ကြောင့် ငွေကြေးအများကြီး အကုန်အကျခံ မခေါ်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေလဲ ထွက်ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့ အာဆင်နယ် က ရိုဂျာ့စ်ရဲ့ တန်ဖိုးကို ပေါင် သန်း ၈၀ ကနေ ဆက်တိုးမပေးတဲ့အတွက် ချယ်လ်ဆီးက အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်းအတွက် ပေါင် ၁၁၇ သန်းအထိ ပေးချေခေါ်ယူသွားခဲ့ပါတယ်။
ဒါကြောင့် လီဗာပူးက ဘရက်ဒလေ ဘာကိုလာ ကို အောင်မြင်စွာ ခေါ်ယူသွားခဲ့ပြီးနောက် ဂျူလီယန် အာဗါရက်ဇ်တစ်ဦးတည်းသာလျှင် ရရှိနိုင်တော့မယ့် ပစ်မှတ်အဖြစ် ကျန်ရှိတော့ပါတယ်။ ဘရက်ဒလေ ဘာကိုလာကို ခေါ်ယူဖို့ လိုအပ်တဲ့ ငွေကြေးပမာဏကို ပေးချေရမှာနဲ့ ပတ်သက်ပြီး အာဆင်နယ်တို့မှာ အမြဲတမ်း စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။
အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းနဲ့ လုံးဝဆွေးနွေးမှာ မဟုတ်ဘူးလို့ တထစ်ချပြောထားခဲ့တာကြောင့် အာဗါရက်ဇ်အနေနဲ့ အက်သလက်တီကိုကနေ ထွက်ခွာနိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်းက အာဆင်နယ်ဖြစ်ပုံပေါ်နေခဲ့ပါတယ်။ဒါပေမဲ့လည်း အာဗါရက်ဇ်ဟာ စပိန်ကလပ်ဆီကို ပြန်လည်ရောက်ရှိသွားခဲ့ပြီး အာတီတာက ကစားသမားအတွက် အစီ အစဉ်တွေ ချပြပြီး အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ဒီအပြောင်းအရွှေ့ကလဲ အထမမြောက်ခဲ့ပါဘူး။
အာဆင်နယ်တို့ ဘယ်သူတွေကို ခေါ်ယူနိုင်ခဲ့လဲ။
အာဆင်နယ်အသင်းဟာ တနင်္လာနေ့ညက အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူတို့ရဲ့အသင်း လူစာရင်း အင်အားကောင်းမွန်မှုကို ပြသနိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနို ဂီမာရက်စ်ကို ပေါင် ၇၅ သန်း၊ အက်စတွန်ဗီလာကနေ အက်ဇရီ ကွန်ဆာကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ပီယဲရို ဟင်ကာပီရဲ့ အငှားစာချုပ်ကို ပေါင် ၃၄.၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့သလို ကလပ်ဘရုဂ်ကနေ ခရစ္စတိုစ် ဇိုလစ်ကိုလည်း ပေါင် ၃၄ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။
ဇိုလစ်ဟာ အနိုင်ရတဲ့ပွဲမှာ ရုန်းကန်ခဲ့ရပေမဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ မန်ချက်စတာစီးတီကို အနိုင်ရရှိခဲ့တဲ့ပွဲနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ကိုဗန်းထရီနဲ့ပွဲတွေမှာတော့ ခြေစွမ်းပြသနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဂီမာရက်စ်ကတော့ ဒီအပြောင်းအရွှေ့ကာလရဲ့ အကောင်းဆုံး ခေါ်ယူမှုတွေထဲက တစ်ခုလို့ အချို့က သုံးသပ်ကြပြီး ကွန်ဆာကတော့ ပြီးခဲ့တဲ့ရာသီက မြေပြင်ဘောလုံးလုယူမှု အောင်မြင်မှုရာခိုင်နှုန်း (၇၃.၁%) နဲ့ ပေးပို့မှု တိကျမှု (၉၅%) တို့မှာ လိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူ စာရင်းဝင်ခဲ့သူ ဖြစ်ပါတယ်။
ကွန်ဆာဟာ အာဆင်နယ်အသင်းရဲ့ အဓိကနောက်ခံလူ အရေအတွက်ကို ၈ ဦးအထိ ဖြစ်လာစေခဲ့ပြီး ဝီလီယံ ဆာလီဘာနဲ့ ဂျာရီယန် တင်ဘာတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အဓိက အပိုင်းတစ်ခုကတော့ အသင်းကနေ လက်လွှတ်လိုက်တဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။
ဂါဘရီယယ် မာတီနယ်လီဟာ အယ်လ်ဟီလာအသင်းဆီ ပေါင် ၆၀ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး ဒါဟာ အသင်းအတွက် စံချိန်တင် ရောင်းချမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။
လီယန်ဒရို ထရော့ဆာ့ဒ်က ဘက်ဆစ်တပ်ဆီကို (ပေါင် ၁၅.၃ သန်း) နဲ့ ခရစ်ရှန် နိုဂါ့ဒ် က အဲဗာတန်ဆီကို (ပေါင် ၇ သန်း) အသီးသီး ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ပရိသတ်တွေအတွက် အဓိက စိုးရိမ်စရာကတော့ ဘယ်ခြမ်းမှာ ကစားတဲ့ တိုက်စစ်ကစားသမား နှစ်ဦးကို လက်လွှတ်လိုက်ပြီး သူတို့ရဲ့နေရာမှာ အစားထိုးဖို့အတွက် တစ်ဦးတည်းကိုသာ ခေါ် ယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်တို့ ပိုကောင်းလာပြီလား
အာဆင်နယ်အသင်းအနေနဲ့ ဒီနွေရာသီမှာ အပြောင်းအလဲလုပ်နိုင်တဲ့ တိုက်စစ်ကစားသမား တစ်ဦးကို ခေါ်ယူလိုခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ အဲဒီလိုကစားသမားသာ ရရှိနိုင်ခဲ့မယ်ဆိုရင်ပေါ့။
ဒီအပြောင်းအရွှေ့မှာ မခေါ်ယူဖြစ်ခဲ့တာက လာမယ့် ဇန်နဝါရီလမှာ ထပ်မံကြိုးပမ်းဖို့ ဒါမှမဟုတ် တိုက်စစ်မှူး သစ်တစ်ဦး ခေါ်ယူဖို့အတွက် နောက်နှစ်နွေရာသီအထိ အပြည့်အဝ စောင့်ဆိုင်းဖို့ အခွင့်အရေးပဲ ကျန်ရှိပါတော့တယ်။
ဒါပေမဲ့ အသင်းရဲ့ ဘောလုံးဆိုင်ရာ ဦးဆောင်အဖွဲ့က ကလပ်အလုပ်တွေအပေါ် ကျေနပ်နေကြတယ်ဆိုရင်တောင်မှ ဒီအပြောင်းအရွှေ့ကာလအတွင်း ဘာကြောင့် တိုက်စစ်မှူး မခေါ်ဖြစ် ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး မသက်မသာ ဖြစ်စရာ ဆွေးနွေးမှုတွေတော့ ရှိလာမှာ သေချာပါတယ်။
အာဆင်နယ်ရဲ့ အောင်မြင်မှုတွေအနောက်မှာ ဒီလောက် ဆွဲဆောင်မှုရှိတဲ့ ကလပ်အသင်း တစ်သင်းက ဘာကြောင့် သူတို့ရဲ့ ပစ်မှတ်ကစားသမားတစ်ဦးကိုမှ မခေါ်ယူနိုင်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေကို အာတီတာ၊ ဘာတာနဲ့ တွဲဖက်ဥက္ကဋ္ဌ ဂျော့ရှ် ခရိုင်ကီတို့ဆီ သေချာပေါက် မေးမြန်းလာကြပါလိမ့်မယ်။
ဒါပေမဲ့လည်း အာဆင်နယ်အသင်းရဲ့ လူစာရင်းဟာ ဥရောပမှာ အကောင်းဆုံးတွေထဲက တစ်ခုဆိုတာကို ငြင်းလို့မရပါဘူး။ အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ပွဲရဲ့ လူစာရင်းမှာ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံအသင်းသားတွေဖြစ်တဲ့ မယ်ရီနိုနဲ့ ဇူဘီမန်ဒီတို့ အပါအဝင် နိုင်ငံတကာပွဲတွေ အတွေ့အကြုံရှိတဲ့ ကစားသမား ၉ ဦးအထိ ပါဝင်ခဲ့ပါတယ်။
ဂါဘရီယယ် ဂျေဆုဟာ ဘာစီလိုနာဆီကို ပေါင် ၁၂.၈ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ရွေးချယ်ခံရမှုနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် အဓိက ကစားသမားတစ်ဦး မဟုတ်ခဲ့ပေမဲ့ ပြိုင်ပွဲစုံ ၂၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။
မာတီနယ်လီနဲ့ ထရော့ဆာ့ဒ်တို့ နှစ်ဦးစလုံး ထွက်ခွာသွားပြီဖြစ်တဲ့အတွက် အီဘီရေချီ အီဇီအတွက် ဘယ်ခြမ်းတိုက်စစ်ကနေ ကစားဖို့ အခွင့်အရေး ပိုများလာမှာ ဖြစ်ပြီး ဒါဟာ သူ့ရဲ့အသင်း ဟောင်း ခရစ္စတယ်ပဲလေ့စ်မှာ ခြေစွမ်းပြကစားခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။အီဇီဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ရဲ့ အရေးပါတဲ့ပွဲအချို့မှာ ဘယ်ခြမ်းမှာ ကစားခဲ့ပြီး တနင်္လာ နေ့က ဗီလာကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း အဲဒီနေရာကနေ အကောင်းဆုံး စွမ်းဆောင် ပြသနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ကိုင် ဟာဗက်ဇ်ဟာ ဒဏ်ရာကြောင့် ရာသီအများစုကို လွဲချော်ခဲ့ရသလို တိုက်စစ်မှာ ကစားနိုင်တဲ့ နောက်တစ်ဦးဖြစ်တဲ့ မီခေးလ် မယ်ရီနိုလည်း ရာသီရဲ့ အစိတ်အပိုင်းအချို့ကို လွဲချော်ခဲ့ ရပါတယ်။ ဒါပေမဲ့ ဒီကစားသမားနှစ်ဦးစလုံးကတော့ ဒီရာသီကို ကြံ့ခိုင်မှု အပြည့်အဝနဲ့ စတင်နိုင် ခဲ့ပါပြီ။
အဲဒီဒဏ်ရာပြဿနာတွေကြောင့် ပြီးခဲ့တဲ့ရာသီက ယိုဂာာရက်စ်အနေနဲ့ အာဆင်နယ်နဲ့ ပထမဆုံး ရာသီမှာ အရန်အကူအညီမပါဘဲ ရှေ့တန်းကနေ တစ်ယောက်တည်း ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ ဆွီဒင်တိုက်စစ်မှူးရဲ့ အသင်းနဲ့ အံဝင်ခွင်ကျဖြစ်မှုအပေါ် မေးခွန်းထုတ်စရာတွေကတော့ ရှိနေဆဲပါပဲ။ဒါ့အပြင် ယိုကာရက်စ်အနေနဲ့ ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်နှစ်ပွဲစလုံးမှာ တစ်မိနစ်မှ မပါဝင်ရသေးတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
အာဆင်နယ်အသင်းဟာ ရာသီအစမှာ ချန်ပီယံဆုကို ကာကွယ်နိုင်မယ့် ရေပန်း အစားဆုံး အသင်းတစ်သင်းအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သွင်းဂိုးတွေ ရရှိဖို့ ခက်ခဲလာမယ်ဆိုရင်တော့ တိုက်စစ်မှူးသစ် မရှိခြင်းနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကို ရှောင်ရှားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။
ခရက်ဒစ်- BBC




Comments