မိုးဗြဲတမြို့လုံးကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီကြေညာ
- BVJ

- Jul 7
- 1 min read
BVJ/မိုနာ_ ဇူလိုင် ၇၊ ၂၀၂၅

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်(ကယား)အစပ်ရှိ ကရင်နီတော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို အခုနှစ်ဆန်းပိုင်းကစတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မနေ့က ဇူလိုင် ၆ရက်နေ့လယ်ပိုင်းမှာ တမြို့လုံးကိုပြန်လည်ထိန်းချုပ်နိုင်သွားပြီလို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။
မိုးဗြဲစစ်ဆင်ရေး ခြောက်လကြာမြင့်ခဲ့ပြီး အဲ့ဒီအတွင်းမှာ တိုက်ပွဲကြီးပေါင်း (၂၁၅)ကြိမ်၊ ထိတွေ့မှု (၄၀၀)ကြိမ်နဲ့ စုစုပေါင်း (၆၁၅)ကြိမ်ဖြစ်ပွားပြီး ရန်သူအလောင်း (၂၄)လောင်းနဲ့ လက်နက်မျိုးစုံ (၆၃)လက်ကို ရရှိခဲ့သလို စစ်ကောင်စီဘက်ကတပ်ဖွဲ့ဝင်တွေလည်း သေဆုံး ဒဏ်ရာရသူတွေရှိတယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။
မိုးဗြဲမြို့ပြန်လည်ထိန်းချုပ်နိင်ရေးအတွက် အဓိကအုပ်ချုပ်ရေးထောက်ပံ့မှုပြုတဲ့ ဖယ်ခုံ၊ မိုးဗြဲ အနောက်ဘက်ခြမ်းနဲ့ မိုးဗြဲမြို့ အရှေ့ဘက်ခြမ်းတို့ကို ထိန်းချုပ်ပြီး အဓိကစစ်ကြောင်းတွေက မြို့ရဲ့ မြောက်ဘက်ခြမ်းသစ်ရာကုန်းရပ်ကွက်နဲ့ စည်ကား (၂)ရပ်ကွက်တို့ကို လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူရယူကာ စနစ်တကျအဆင့်ဆင့်ခြေကုပ်ယူခဲ့ကြောင်းနဲ့ အဲ့ကနေတဆင့် ကျန်ရပ်ကွက် ၁၄ခုကျော်ကို ရပ်ကွက်တခုချင်းစီအလိုက် ခက်ခက်ခဲခဲအချိန်ယူရှင်းလင်းခဲ့ကြတာဖြစ်တယ်လို့ စစ်ကောင်စီကဖော်ပြပါတယ်။
ဒါကြောင့် အခုလ ၅ရက်နေ့မှာ မိုးဗြဲမြို့တောင်ဘက်အစွန်ဆုံး မွေတော်ဘုရားရှိရာ မြို့မရပ်ကွက်၊ မနေ့က ဇူလိုင် ၆ရက် နေ့လယ်မှာ အရှေ့ဘက်အစွန်ဆုံးရပ်ကွက်ဖြစ်တဲ့ ညောင်ဝိုင်းတို့က တော်လှန်ရေးတပ်ဖွဲ့တွေကို အပြီးတိုင်ချေမှုန်းပြီးဖြစ်တာကြောင့် တမြို့လုံးကိုပြန်လည်သိမ်းပိုက်ပြီလို့ စစ်ကောင်စီက ကြေညာပါတယ်။
လက်ရှိမှာ မိုးဗြဲနဲ့လွိုင်ကော်မြို့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က ရှင်းလင်းဖို့ကျန်နေသေးတဲ့ ၄.၅ကီလိုမီတာအကွာအဝေးကို ဆက်ရှင်းနေပြီး မကြာခင်မှာ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေးလမ်းမကြီးကိုပြန်ဖွင့်မယ်လို့ ဆိုပါတယ်။

လွိုင်ကော်၊ဆီဆိုင်လမ်းကြောင်းကိုလည်း ရှင်းလင်းဖယ်ရှားနိုင်ပြီးဖြစ်လို့ လွိုင်ကော်၊မိုးဗြဲ၊ ဖယ်ခုံနဲ့ ပင်လောင်းလမ်းကြောင်းကို အပြီးတိုင်ရှင်းလင်းပြီးရင် မိုးဗြဲကို စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားနဲ့ အမြန်ဆုံးပြန်လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
မိုးဗြဲကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ခုနှစ် နိုဝင်ဘာမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အခုစစ်ကောင်စီက ပြန်သိမ်းယူသွားတာဖြစ်ပါတယ်။
မိုးဗြဲမြို့ စစ်ကောင်စီလက်အောက်ပြန်ရောက်သွားကြောင်းကိုလည်း မိုးဗြဲမြို့ကာကွယ်ရေးတိုက်ပွဲမှာ ဝင်ရောက်ဆင်နွှဲနေတဲ့ မြေပြင်တပ်မှူးတွေကလည်း Burma VJကိုအတည်ပြုထားပါတယ်။
မိုးဗြဲမြို့ကို စစ်ကောင်စီကမနေ့က အလုံးစုံပြန်လည်ထိန်းချုပ်သွားပြီးနောက် လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF သတင်းနဲ့ပြန်ကြားရေးကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။







Comments