အစိုးရဖွဲ့စည်းပုံပြောင်းဖို့စီမံနေတယ်လို့ NUG reformနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ထုတ်ပြောလာ
- BVJ

- Sep 10
- 1 min read
ယူဂရင်း/BVJ_ စက်တင်ဘာ ၁၀၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြုပြင်ပြောင်းလဲရေး(reform)မှာ အတွင်းပိုင်းနဲ့ အပြင်ပိုင်းပြုပြင်ပြောင်းလဲရေး နှစ်မျိုးနဲ့လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။
“NUG reformမှာ interna reformနဲ့ external reformဆိုပြီးနှစ်ပိုင်းရှိပါတယ်။ ဝန်ကြီး၊ ဒုဝန်ကြီးနဲ့တာဝန်ရှိတဲ့သူတွေ ပြည်တွင်းပြန်ဝင်တာ၊ မြေပြင်မှာအစိုးရရုံးထူထောင်လည်ပတ်တာ၊ အုပ်ချုပ်ရေးယန္တရားနဲ့အခွန်လုပ်ထုံးလုပ်နည်းတွေ ပိုပြီးတော့ စနစ်ကျအောင်ပြင်ဆင်တာ။ အဂတိလိုက်စားမှုတွေအရေးယူတာ နောက်အစိုးရဖွဲ့စည်းပုံပြောင်းလဲဖို့စီမံတာစသဖြင့် အတွင်းပိုင်းပြုပြင်ပြောင်းလဲမှုတွေကတော့ ဆက်တိုက်ဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။
external reformနဲ့ပတ်သက်ရင်တော့ NUGနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကြား ညှိနှိုင်းပူးပေါင်းပြီး အားကောင်းတဲ့ဦးဆောင်မှုတရပ်ဖော်ထုတ်နိုင်ဖို့ကြိုးစားတာ၊ တဖက်မှာလည်း ပြည်ထောင်စုနဲ့ပြည်နယ် ဖက်ဒရယ်ယူနစ်တွေကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုပိုအားကောင်းအောင်စီမံတာ ဒီဆောင်ရွက်ချက်တွေကိုအားစိုက်ပြီးတော့ အကောင်အထည်ဖော်နေတဲ့အခြေအနေဖြစ်ပါတယ်” လို့ ဝန်ကြီးဦးရည်မွန်က NUGပြန်ကြားရေးဖြစ်တဲ့ PVTVကနေ ဒီနေ့ စက်တင်ဘာ ၁၀ရက်မှာ ထုတ်ပြောခဲ့တာပါ။
ဒီအချိန်ဟာ ခေတ်မီသူတိုင်းNUGကို ဝေဖန်ကြတဲ့အချိန်ဖြစ်ကြောင်းနဲ့ ဝေဖန်မှုတွေဟာ NUGကိုစွမ်းဆောင်ရည်ပိုကောင်းစေချင်တာနဲ့ တော်လှန်ရေးကိုအမြန်အောင်ချင်တာဆိုတဲ့ စေတနာတွေကြောင့်ဆိုတာ သတိပြုမိတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။
ဒ့ါအပြင် တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်တဲ့ NUGရဲ့သဘောထားကိုလည်း ဝန်ကြီးဦးရည်မွန်က အခုလိုပြောလာပါတယ်။
“စစ်တပ်ဗိုလ်ကျ ကြီးစိုးရေးဝါဒကိုသာ အသေဆုပ်ကိုင်ထားမယ်ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့တဲ့စစ်တပ်အလုံးစုံ ပျက်သုန်းမှုမှာတင်လမ်းဆုံးပါလိမ့်မယ်။ ပြည်သူတွေကတော့နောက်ဆုတ်လိမ့်မှာမဟုတ်ဘူး။
ဒီအာဏာသိမ်းစစ်ခေါင်းဆောင်တွေ အမြင်မှန်ရပြီးတော့ စနစ်ပြောင်းရေးကိုဦးတည်မယ်။ ဒီဦးတည်ချက်နဲ့နိုင်ငံရေးစားပွဲဝိုင်းမှာဆွေးနွေးဖြေရှင်းဖို့ ဆန္ဒရှိနေမယ်ဆိုရင်တော့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဒီနည်းလမ်းကိုငြင်းပယ်လိမ့်မယ်လို့ မထင်ဘူးဗျာ”
ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကတော့ PDFတွေနဲ့လက်နက်ကိုင်အဖွဲ့တွေကို ညှိနှိုင်းဖို့ဆိုပြီး မနေ့က စက်တင်ဘာ ၉ရက် ရက်စွဲနဲ့ဖိတ်ခေါ်ခဲ့ပြီး CRPHနဲ့ NUGကတော့ နိုင်ငံတော်အာဏာကို မက်မောနေကြတာကြောင့် လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်နေကြတာ ဖြစ်တယ်လို့ အဲ့ဒီဖိတ်ခေါ်စာထဲမှာ ဖော်ပြခဲ့ပါတယ်။







Comments