MNDAA၊ TNLA၊SSPP တို့နဲ့တွေ့ဆုံပြီး လက်နက်မထောက်ပံ့တော့ဘူးလို့ "ဝ"တပ်ဖွဲ့ ပြော
- BVJ

- Aug 21
- 1 min read
အေတီ/BVJ- သြဂုတ် ၂၀၊ ၂၀၂၅

သူတို့အဖွဲ့အနေနဲ့ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းကိုမှ ငွေကြေးလက်နက်နဲ့ အကူအညီ အထောက်အပံ့တွေပေးအပ်တော့မှာ မဟုတ်ကြောင်း UWSA "ဝ"တပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
"ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSAက တအာင်းတပ် - TNLA၊ ကိုးကန့်တပ် - MNDAA နဲ့ ရှမ်းတပ် - SSPP တိုင်းရင်းသားလက် နက်ကိုင်သုံးဖွဲ့ကို ပန်ဆန်းမြို့မှာဖိတ်ခေါ် တွေ့ဆုံပြီးနောက် ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ်။
UWSA ရဲ့ အထက်ပါထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး TNLA၊ MNDAA၊ SSPP တပ်ဖွဲ့တွေဘက်က တစုံတရာ သဘောထားထုတ်ပြန်တာမရှိသေးဘူး။
အခုလိုထုတ်ပြန်မှုက အထက်ပါတိုင်းရင်းသားတပ်ဖွဲ့ ၃ ဖွဲ့ကို UWSAက အရင်တုန်းကလက်နက်ထောက်ပံ့ခဲ့တယ်ဆိုတာဝန်ခံခဲ့ရာရောက်သလို၊ UWSA က တရုတ်ဖိအားကို တသွေမသိမ်းလိုက်နာနေရတဲ့သဘောမျိုးလည်းသက်ရောက်တယ်လို့ လေ့လာသူတွေကထောက်ပြကြပါတယ်။
ဆွေးနွေးပွဲကို "ဝ"ပြည်နယ် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုတိယ ဥက္ကဌ, ပြည်ပဆက်ဆံရေးဝန်ကြီး Zhao Guoanက ဦးဆောင်ပြီး TNLA တပ်ဘက်က ဗိုလ်ချုပ်တာဘုန်းကျော်တက်ရောက်လာတာ တွေ့ရပါတယ်။
ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့လုံးက အကြီးတန်း ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပြီး "ဝ" တပ် - UWSA ဘက်ကလည်း ၎င်းရဲ့ တရားဝင်စစ်ရေး ဆုံးဖြတ်ချက်တွေကို ကိုယ်စားလှယ်အဖွဲ့တွေကို ကြေညာခဲ့ကြောင်း ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။
ဝပြည်နယ် အစိုးရ ဒုဥက္ကဌ Zhao Guoan က " "ဝ" ပြည်နယ်ဘက်မှ ညီအကိုမောင်နှမများကိုယ်စား "ဝ" ပြည်နယ်၏ ငြိမ်းချမ်းရေး ရပ်တည်ချက်နှင့် လက်ရှိရင်ဆိုင်နေရသော အလွန်ဆိုးရွားသော အခြေအနေများကို အသိပေးလိုပါသည်။ "ဝ" ပြည်နယ်သည် မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ပေ။ ဤဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် "ဝ" ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြည်ရန် အဖွဲ့အစည်းများအား တိုက်တွန်းအပ်ပါသည်”လို့ပြောခဲ့ပါတယ်။
MNDAA၊TNLA နဲ့ SSPP အဖွဲ့တွေက ကိုယ်စားလှယ်တွေကလည်း "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA ရဲ့ တရားဝင် စစ်ရေးဆုံးဖြတ်ချက်ကို နားလည်သဘောပေါက်ကြောင်းကိုဖော်ပြခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
၁၉၈၉ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်ကခွဲထွက်ခဲ့တဲ့ "ဝ"ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်-UWSAဟာ တပ်အင်အားနှစ်သောင်းကနေ သုံးသောင်းအထိရှိပြီး ခေတ်မှီလက်နက်တွေတပ်ဆင်လေ့ကျင့်ထားတဲ့ စစ်တပ်တစ်ခုဖြစ်ပါတယ်။







Comments