သမ္မတဦးဝင်းမြင့်ကို မင်းအောင်လှိုင် ခြွင်းချက်နဲ့ပြန်လွှတ်လာ
- BVJ

- Apr 17
- 1 min read
မိုနာ/BVJ_ဧပြီ ၁၇၊ ၂၀၂၆

၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းထဲက ဖမ်းဆီးထောင်ချထားတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်အုပ်စုက ဒီနေ့ ဧပြီ ၁၇ရက်(နှစ်ဆန်းတစ်ရက်)နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
စစ်အုပ်စုဖမ်းဆီးထောင်ချထားသူတွေကို လွတ်ငြိမ်းနဲ့ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ သမ္မတဦးဝင်းမြင့်ပါဝင်လာတာဖြစ်ပါတယ်။
နောက်တကြိမ်ပြစ်မှုကျူးလွန်ရင် အဲ့ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ခဲ့တဲ့ပြစ်ဒဏ်တွေကိုပါဆက်လက်ကျခံရမယ်ဆိုတဲ့ ခြွင်းချက်နဲ့ သမ္မတဦးဝင်းမြင့်ကိုလွှတ်ပေးလိုက်တာဖြစ်ကြောင်း စစ်အစိုးရရဲ့သမ္မတအဖြစ်ခံယူထားတဲ့ မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ တောင်ငူထောင်မှာပြစ်ဒဏ်ကျခံနေရတာဖြစ်ပြီး မြန်မာနှစ်သစ်အထိမ်းအမှတ်အရလည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေဖို့လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကိုအလေးထားတာကြောင့် လည်းကောင်း၊ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်နိုင်စေဖို့အတွက်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး မင်းအောင်လှိုင်ကလက်မှတ်ရေးထိုးထားတဲ့စာထဲမှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်အုပ်စုက အဂတိအမှု(၄)မှုအပြင် ပုဒ်မ ၁၃၀-က တို့နဲ့စုစုပေါင်း ထောင်ဒဏ် (၉)နှစ်(၆)လချမှတ်ထားတာဖြစ်ပြီး ဘယ်ထောင်မှာအကျဉ်းချထားလဲဆိုတာကိုလည်း စစ်အုပ်စုဘက်ကတောက်လျောက်ထုတ်မပြောခဲ့ဘဲ အခုလွတ်ငြိမ်းပေးတော့မှ တောင်ငူထောင်ဆိုတာကိုထည့်သွင်းဖော်ပြလာတာဖြစ်ပါတယ်။




Comments