top of page

ဩဇီက ကုန်စုံဆိုင်ပိုင်ရှင်ကိုရိုက်နှက်လုယက်ခဲ့သူ NLDပါတီဝင်နဲ့ပတ်သက်ပြီး တိုင်ကြားမှုမရှိသေးဟု ဒေါက်တာဘိုင်အို ပြော

  • Writer: BVJ
    BVJ
  • Jun 24
  • 1 min read

ကျူးလွန်ခံရသူအမျိုးသမီးက ရဲစခန်းမှာ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထား


BVJ/ထက်အောင် _ ဇွန် ၂၄ ၊ ၂၀၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးအောင်မျိုးလင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ် (Photo: Aung Myo Linn Tamwe)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးအောင်မျိုးလင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ် (Photo: Aung Myo Linn Tamwe)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ဝါရာဘီရပ်ကွက်မှာရှိတဲ့ ကချင်ကုန်စုံဆိုင်တဆိုင်က ဆိုင်ရှင်အမျိုးသမီးတစ်ဦးကို NLD ပါတီဝင် အမျိုသားတစ်ဦးက ရိုက်နှက်ကာ ပစ္စည်းလုယူသွားမှုဟာ အခုလ ၁၃ ရက်က ဖြစ်ပွားခဲ့ပါတယ်။


ဆိုင်ရှင်အမျိုးသမီးကိုရိုက်နှက်ပစ္စည်းလုယူသူ NLD ပါတီဝင်ဟာ အရင်က တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးအောင်မျိုးလင်းဖြစ်ကြောင်းကို မဲလ်ဘုန်းမြို့ကို နိုင်ငံရေးခိုလှုံခွင့်နဲ့ရွှေ့ပြောင်းရောက်ရှိနေတဲ့ မြန်မာတွေဆီက သိရပါတယ်။


“ဖြစ်သွားတာက ဟုတ်တယ်။ ကချင်ကုန်စုံဆိုင်မှာ ဆိုင်ရှင်အမျိုးသမီးကို ငရုတ်ကျည်ပွေ့နဲ့ထုပြီး ပစ္စည်းလုယက်သွားတာလို့ သိရတယ်။ ပြီးခဲ့တဲ့ လေးလလောက်ကလည်း သူ့အမျိုးသမီးက ကရင်လူမျိုးတွေဖွင့်ထားတဲ့ဆိုင်မှာ ခိုးမှုဖြစ်သေးတယ်၊ CCTV မှတ်တမ်းမှာ ပြန်တွေ့ရတာ။ အဲ့တုန်းက ကရင်ဆိုင်က အမှုမဖွင့်ခဲ့ဘူး။ အခုကျတော့ ကချင်ဆိုင်မှာ အမျိုးသမီးကို ရိုက်နှက်ချိန် ထိခိုက်ဒဏ်ရာရသွားလို့ အမှုဖွင့်လိုက်တာ၊ သူ လောလောဆယ် ဆစ်ဒနီကို ထွက်ပြေးသွားတယ်လို့ သိရတယ်” လို့ မဲလ်ဘုန်းမြို့ကိုရောက်ရှိနေတဲ့ အမည်မဖော်လိုတဲ့ ရွှေ့ပြောင်းမြန်မာတစ်ဦးကလည်း Burma VJ ကို အတည်ပြုပြောပါတယ်။


လက်ရှိအချိန်ထိ ဦးအောင်မျိုးလင်းဟာ NLDပါတီဝင်အဖြစ်ဆက်ရှိနေဆဲဖြစ်ပြီး သူ့ကိုအရေးယူပေးဖို့ ဆိုင်ရှင်ကတိုင်ကြားလာတာမရှိသေးဘူးလို့ NLDပါတီရန်ကုန်တိုင်း ဒုတိယဥက္ကဌ ဒေါက်တာစိုးဝင်းဦး(ခ) ဒေါက်တာဘိုင်အိုက Burma VJကို ပြောပါတယ်။



ကျူးလွန်ခံရသူကာယကံရှင်အမျိုးသမီးက NLD ပါတီကိုတိုက်ရိုက်တိုင်ကြားလာပါက ဦးအောင်မျိုးလင်းကို ပါတီဝင်အဖြစ်ကနေရာသက်ပန်ထုတ်ပယ်ဖို့ အရေးယူမှုတွေဆက်လုပ်သွားမှာဖြစ်ပြီး လက်ရှိအချိန်ထိ တိုင်ကြားစာလက်ခံမရရှိသေးဘူးလို့ ဒေါက်တာစိုးဝင်းဦးက ပြောပါတယ်။


ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးအောင်မျိုးလင်းကတော့ ဆိုင်ရှင်ဖြစ်သူကိုငွေလဲစျေးနှုန်းမေးခဲ့ပြီးနောက်မှာ ဆိုင်ရှင်အမျိုးသမီးရဲ့ဆဲဆိုသံကြောင့် တခဏစိတ်လွတ်သွားကာ အခုလိုကျူးလွန်ခဲ့မိတာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်ကနေ Liveလွှင့်‌ပြောဆိုထားပါတယ်။


ဦးအောင်မျိုးလင်းရဲ့ အဲ့ဒီLiveမှာ NLDပါတီရန်ကုန်တိုင်း ဒုတိယဥက္ကဌ ဒေါက်တာစိုးဝင်းဦး(ခ) ဒေါက်တာဘိုင်အိုကတော့ “ချက်ချင်းအဖမ်းခံလိုက်ပါ။ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကိုလေးစားလိုက်နာပါ။ ကျူးလွန်တဲ့အပြစ်တွေကို ဆေးကြောနိုင်ပါစေ။ စကားတွေထက် အလုပ်နဲ့ သက်သေပြလိုက်ပါ”လို့ မှတ်ချက်(Comment)ဝင်ရေးထားတာ တွေ့ရပါတယ်။


ကချင်ကုန်စုံဆိုင်အတွင်း ဆိုင်ရှင်အမျိုးသမီးကို ငရုတ်ကျည်ပွေ့နဲ့ ရိုက်နှက်ခဲ့တာကြောင့် ဆိုင်ရှင်အမျိုးသမီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဦးအောင်မျိုးလင်းကို ရဲစခန်းမှာ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားတာပါ။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးအောင်မျိုးလင်းနဲ့မိသားစုဟာ ဩစတြေးလျနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့်နဲ့ ရောက်ရှိနေထိုင်နေတာတနှစ်ဝန်းကျင်ရှိပြီး ငွေကြေးကိစ္စနဲ့နာမည်ပျက်ရှိထားသူတွေလည်းဖြစ်တယ်လို့ မဲလ်ဘုန်းမြို့မှာနေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာတစ်ဦးထံက သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page