အမျိုးသားစာပေဆုရှင် စာရေးဆရာဦးတင်ညွန့်နဲ့သား၊ စာအုပ်ရောင်းသူတို့ကို စစ်အုပ်စုဖမ်းဆီးထား
- BVJ

- Apr 27
- 1 min read
BVJ/အေဇက် _ ဧပြီ ၂၇၊ ၂၀၂၆

အမျိုးသားစာပေဆုရှင် စာရေးဆရာဦးတင်ညွန့်ကို အာဏာသိမ်းစစ်အုပ်စုက ၅၀၅(က)ပုဒ်မနဲ့ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက Burma VJကိုအတည်ပြုပါတယ်။
“ဆရာတင်ညွန့်ကို ၂၃ရက်နေ့ကဖမ်းပြီး ၂၄ရက်နေ့ကသံလျင်တရားရုံးမှာရုံးထုတ်တယ်။ ၅၀၅ကပုဒ်မနဲ့ တရားစွဲခံထားရတာ။ ဖမ်းတုန်းကသူ့သားနှစ်ယောက်လဲပါတယ်။ သားအကြီးကိုတော့ပြန်လွှတ်လိုက်တယ်"
"သောကြာရုံးထွက်ပြန်ကတည်းကခေါ်သွားတာ အခုထိဘယ်ရောက်နေမှန်းမသိဘူး ”လို့ မိသားစုနဲ့နီးစပ်သူကပြောပါတယ်။
Burma VJရဲ့နောက်ထပ်သတင်းရင်းမြစ်တစ်ဦးအတည်ပြုချက်အရတော့ ဖမ်းဆီးခံထားရတဲ့ ဆရာတင်ညွန့်နဲ့သားဖြစ်တို့ကို သန်လျင်ရဲစခန်းမှာပဲထားရှိထားပြီး စာအုပ်ရောင်းချသူအမျိုးသမီးကိုတော့ သာကေတရဲစခန်းမှာထားရှိထားတယ်လို့သိရပါတယ်။
ဆရာတင်ညွန့်ကို အခုလဧပြီ ၂၃ ရက် မနက်နှစ်နာရီမှာ သန်လျင်မြို့နယ်တွင်းကသူ့ရဲ့နေအိမ်မှာ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်ကာလကထုတ်ဝေခဲ့တဲ့ စာအုပ်တွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။
“ဆရာတင်ညွန့်ကို စစ်အုပ်စုကကြာသပတေးနေ့ မနက်၂ နာရီလောက်ကလာခေါ်သွားတာ။ လောလောဆယ်သိရတာက သူရေးခဲ့တဲ့ စာအုပ်သုံးအုပ်ကြောင့်လို့သိရတယ်။ အဲ့စာအုပ်တွေကို အမျိုးသမီးတစ်ဦးက Tiktok မှာ Live လွှင့်ရောင်းနေတာကို စစ်အုပ်စုတွေ့ပြီးလာဖမ်းသွားတာ” လို့ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး လိုက်ပါကူညီဆောင်ရွက်ပေးနေသူတစ်ဦးက Burma VJကိုပြောပါတယ်။
ဆရာတင်ညွန့်ကို စစ်အုပ်စုကဖမ်းဆီးခဲ့မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ ခွေးထိန်းငတာစာအုပ်၊ ၂၀၂၀ခုနှစ်ကရေးသားထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်တွေ ကျွန်တော့်ကိုညာခဲ့သည်၊ ဦးသန်းရွှေ၏ ယတြာများ စာအုပ်တွေနဲ့ ဆက်စပ်နေကြောင်း လက်ရှိမှာ ပုဒ်မ ၅၀၅-ကနဲ့အမှုဖွင့်ခံထားရကြောင်း သူက ဆက်ပြောပါတယ်။ အဲ့ဒီစာအုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရလက်ထက်မှာ ထုတ်ဝေခဲ့တဲ့စာအုပ်တွေဖြစ်ပါတယ်။
လူမှုကွန်ရက် Tiktok မှာ Liveလွှင့်ပြီး စာအုပ်ရောင်းခဲ့သူအမျိုးသမီးကိုလည်း စစ်အုပ်စုက Online Shopping လိုင်စင်မရှိဘဲဈေးရောင်းချမှုနဲ့ဖမ်းဆီးထားပြီး ဆရာတင်ညွန့်ရဲ့ စာအုပ်တွေကိုထုတ်ဝေခဲ့သူကိုလည်း စစ်အုပ်စုကဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စာရေးဆရာဦးတင်ညွန့်ကို ရိုးမပေါ်မှာကျတဲ့မျက်ရည်ဝတ္ထုရှည်စာအုပ်နဲ့ လူသိများခဲ့ပြီး အငြိမ်းစားကျောင်းဆရာဟောင်းတစ်ဦးလည်းဖြစ်သလို လူငယ်စာပေဆု (၂၀၁၁)၊ နိုင်ငံရေးစာပေဆု (၂၀၁၂)၊ အမျိုးသားစာပေဆု (၂၀၁၇) တို့ကို ရရှိထားသူတစ်ဦးလည်းဖြစ်ပြီး The Vocie Daily သတင်းစာမှာ အယ်ဒီတာအဖြစ် ၂၀၁၂ ကနေ ၂၀၁၈ ခုနှစ်အထိ ဝင်ရောက်လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။




Comments