အင်းစိန်ထောင်ကနေ သတင်းစာဆရာဦးစည်သူအောင်မြင့်၊ အဆိုတော်သံသာဝင်းတို့ လွတ်မြောက်လာ
- BVJ

- Dec 2, 2025
- 1 min read
Updated: Dec 3, 2025
မိုနာ/BVJ_ဒီဇင်ဘာ ၂၊ ၂၀၂၅

အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ၊ ၅၀ (ည)တွေနဲ့ ထောင်ချမှတ်ခံထားရတဲ့ အဆိုတော်သံသာဝင်းဟာ အောက်တိုဘာ ၃၀ရက်ထဲက ရန်ကုန်၊အင်းစိန်ထောင်ကနေ လွတ်မြောက်လာပါတယ်။
အကျဉ်းထောင်ထဲမှာ တစ်နှစ်ခွဲနေခဲ့ရကြောင်းနဲ့ ပြန်လည်လွတ်မြောက်လာတဲ့အကြောင်းကို အဆိုတော်သံသာဝင်းက သူ့ရဲ့လူမှုကွန်ရက်ကနေအသိပေးထားပါတယ်။
အဆိုတော်သံသာဝင်းဟာ ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းမှာ အကိုဖြစ်သူကိုမျိုးမြင့်ဝင်းနဲ့အတူ နေအိမ်မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အကိုဖြစ်သူကိုပြန်လွှတ်ခဲ့ပေမယ့် သံသာဝင်းကိုတော့ ပုဒ်မ ၅၀၅(က)နဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပြီး ၅၀(ည)နဲ့အမှုထပ်ဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကိုဆန့်ကျင်လို့ဆိုပြီး စစ်အုပ်စုကဖမ်းဆီးထောင်ချထားတဲ့ ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်လည်း ရန်ကုန်၊အင်းစိန်ထောင်ကနေလွတ်မြောက်လာသူတွေထဲမှာ ပါဝင်ပါတယ်။
ဦးစည်သူအောင်မြင့်ကို စစ်အုပ်စုက ၅၀၅(က)အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)တို့နဲ့ တရားစွဲဆိုထောင်ချထားတာပါ။
စစ်အုပ်စုဟာသူတို့ကျင်းပမယ့် ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ဆိုပြီး ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆို ထောင်ချထားသူတွေ ၇၂၄ ဦးကိုပြန်လွှတ်ပေးမယ်လို့ အခုနိုဝင်ဘာ ၃၀ရက်မှာကြေညာခဲ့ပါတယ်။
အဲ့ဒီပြန်လွတ်လာသူတွေထဲမှာ ဘာသာစုံဂုဏ်ထူးရှင် နိုင်ငံရေးပုဒ်မ ၅၀၅(က)၊ ၅၂(ခ)တို့နဲ့ဖမ်းဆီးပြီး ထောင်ဒဏ် ၆နှစ်ချမှတ်ခံထားရတဲ့ မောင်ကျော်လင်းသန်းလည်း ပါဝင်တယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။
မောင်ကျော်လင်းသန်းဟာ ၂၀၁၉ခုနှစ်အတွက် မြန်မာတနိုင်ငံလုံး တက္ကသိုလ်ဝင်တန်းပထမဆု(The Whole Burma First)ရရှိထားသူဖြစ်ပြီး ဆန္ဒပြရာမှာပါဝင်လို့ဆိုကာ စစ်အုပ်စုကဖမ်းဆီးထောင်ချပြီး မနေ့က ဒီဇင်ဘာ ၁ရက်မှာ ဒိုက်ဦးထောင်ကနေလွတ်မြောက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားတဲ့အချက်အလက်အရတော့ မနေ့က ဒီဇင်ဘာ ၁ရက်အထိကို သရက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ကျား(၄)ဦး၊ ကလေးအကျဉ်းထောင်ကနေ ကျား (၉)ဦးနဲ့ မ(၂)ဦး၊ ဒိုက်ဦးအကျဉ်းထောင်ကနေ ကျား(၄၈)ဦးနဲ့ မ(၂)ဦး၊ အိုးဘိုအကျဉ်းထောင်ကနေ ကျား(၄၂)ဦး၊ ရမည်းသင်းအကျဉ်းထောင်ကနေ မ (၃)ဦး၊ သာယာဝတီအကျဉ်းထောင်ကနေ ကျား (၇၇)ဦးနဲ့ မ(၆)ဦး၊ ထားဝယ်အကျဉ်းထောင်ကနေ ကျား(၁၀)ဦးနဲ့ မ(၃)ဦး၊ ပြည်အကျဉ်းထောင်ကနေ ကျား(၄)ဦး၊ မကွေးအကျဉ်းထောင်ကနေ ကျား(၂)ဦး၊ မြင်းခြံအကျဉ်းထောင်ကနေ (၂၄)ဦး၊အင်းစိန်အကျဉ်းထောင်ကနေ ကျား(၃၀)ဦးနဲ့ မ(၂)ဦးတို့ လွတ်မြောက်လာတယ်လို့ သိရပါတယ်။







Comments