ကျားဖြန့်ကိစ္စနဲ့စစ်အုပ်စုရွေးကောက်ပွဲအကြောင်း အဓိကထားဆွေးနွေးခဲ့ကြတဲ့ အမေရိကန်လွှတ်တော်ကြားနာပွဲ
- BVJ

- 5 days ago
- 1 min read
အီးကေ/BVJ- နိုဝင်ဘာ ၂၁၊ ၂၀၂၅

အမေရိကန်အောက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ကြားနာပွဲ parliamentary hearingတစ်ခုကို နိုဝင်ဘာ ၁၉ ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီကြားနာပွဲမှာ အာဏာသိမ်းစစ်အုပ်စုကလုပ်မယ့်ရွေးကောက်ပွဲ၊ ကျားဖြန့်ကိစ္စအပါအဝင် မြန်မာပြည်သူတွေကို အကူအညီပေးရေးကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။
No Exit Strategy: Burma's Endless Crisis and America's Limited Optionsလို့နာမည်ပေးထားတဲ့ အဲ့ဒီကြားနာပွဲကို ရီပက်ဘလစ်ကင်ပါတီ နိုင်ငံခြားရေးကော်မတီကဦးဆောင်ပြီး အရှေ့အာရှ ပစိဖိတ်ဆပ်ကော်မတီနဲ့ တောင်နဲ့အလယ်ပိုင်း အာရှဆပ်ကော်မတီတို့ ပူးတွဲကျင်းပခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကြားနာပွဲမှာ Witnessesတစ်ဦးအနေနဲ့တက်ရောက်ခဲ့တဲ့ လူအခွင့်အရေးရှေ့နေပါမောက္ခ Kelley Eckels Currieက ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်မှာထိန်းချုပ်ထားတဲ့ မြန်မာ့ရန်ပုံငွေဒေါ်လာ ၁.၅ ဘီလျံ ကို မြန်မာပြည်တွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့အတွက် အသုံးပြုသင့်တယ်လို့အကြံပြုတောင်းဆိုသွားပါတယ်။

ပြီးတော့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြီးအကျယ်ကြီးထွားလာတဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့အာဏာသိမ်းစစ်အုပ်စုရဲ့ ပတ်သက်မှု၊ ဒေါ်လာဘီလျံပေါင်းများစွာ တရားမဝင်ငွေကြေးစီးဆင်းမှုတွေအကြောင်း၊ မြန်မာပြည်အခြေစိုက် ကျားဖြန့်လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ ဒေါ်လာဘီလျံနဲ့ချီဆုံးရှုံးနစ်နာနေကြတဲ့အကြောင်းတွေ ဆွေးနွေးခဲ့ကြပါတယ်။
အကြံပေးဆွေးနွေးသွားတဲ့ထဲမှာ အမေရိကန်အစိုးရက အာဏာသိမ်းစစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့လည်း အဓိကပါဝင်ပါတယ်။

ကျားဖြန့်ကိစ္စတွေဟာ တရုတ်နည်းပညာ၊ တရုတ်အစိုးရကျောထောက်နောက်ခံမပါဘဲ ဖြစ်မလာဘူးဆိုတဲ့အချက်ကိုတင်ပြဆွေးနွေးသွားပြီး မြန်မာနိုင်ငံဟာ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရာ ဗဟိုချက်၊ တခြားဒုစရိုက်အမျိုးမျိုးရဲ့ဗဟိုချက်လို ဖြစ်လာနေတဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းသွားပါတယ်။
မြန်မာပြည်တွင်းမှာ အရပ်သားတွေနဲ့ကလေးတွေ ဗုံးကြဲသတ်ဖြတ်ခံရတာ၊ ရွာတွေ မီးရှို့ခံရတာတွေကြောင့် ဒုက္ခသည်ပေါင်း သန်းနဲ့ချီပြီးဖြစ်ပေါ်လာနေတာကြောင့် အမေရိကန်အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်(Five-Point Consensus)ကိုပယ်ချပြီး ကိုယ်ပိုင်မူဝါဒအသစ်နဲ့ ဆက်လက် ဆောင်ရွက်သင့်တယ်လို့လည်း တင်ပြခဲ့ကြပါတယ်။







Comments