top of page

အမေရိကန်လေသူရဲကိုကယ်တင်နိုင်ခဲ့တဲ့ ၄၈နာရီကြာစစ်ဆင်ရေး

  • Writer: BVJ
    BVJ
  • Apr 7
  • 2 min read

အေတီ

အီရန်တောင်ပိုင်းမှာပစ်ချခံခဲ့ရတဲ့ F-15E တိုက်လေယာဉ်ရဲ့ လေသူရဲကို အမေရိကန်ကယ်ဆယ်ရေးတပ်ဖွဲ့က အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း သမ္မတထရန့်က ပြီးခဲ့တဲ့နာရီပိုင်းကအတည်ပြုပါတယ်။


အီရန်အစိုးရက ဆုငွေထုတ်ပြီးဖမ်းဆီးနိုင်ဖို့ကြိုးပမ်းနေတဲ့ကြားက အမေရိကန်စစ်တပ်က သူတို့ရဲ့စစ်သည်ကို ရန်သူ့နယ်မြေအတွင်းမှာသည်းထိတ်ရင်ဖို ရုပ်ရှင်ဆန်ဆန် ကယ်တင်နိုင်ခဲ့တာပါ။အဆိုပါစစ်ဆင်ရေးအောင်မြင်မှုကြောင့် အီရန်အပေါ် ပြင်းထန်တဲ့စစ်ရေးဗျူဟာတွေ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ သမ္မတထရမ့်အတွက် လမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားပါတယ်။


အခုဆို အမေရိကန်နဲ့အစ္စရေးတို့ အီရန်အပေါ် စစ်ပွဲဆင်နွှဲလာတာဟာ (၃၇) ရက်နေ့မြောက်ရှိသွားပြီဖြစ်ပြီး အဆိုပါလေသူရဲနဲ့ပတ်သက်တဲ့ စစ်ဆင်ရေးအောင်မြင်ဖို့ နှစ်ဖက်စလုံးကနှစ်ရက်တိုင်တိုင် အပြိုင်အဆိုင်ကြိုးစားခဲ့ကြပါတယ်။ အီရန်အစိုးရက အဆိုပါအမေရိကန်စစ်သည်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ဖို့ အီရန်လူထုကိုအကူအညီတောင်းခဲ့ရပါတယ်။


တကယ်လို့ အီရန်ဘက်ကသာဖမ်းမိသွားမယ်ဆိုရင် လက်ရှိဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ အီရန်အတွက်ကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်လာနိုင်သလို၊ အမေရိကန်အစိုးရအတွက် အရှက်ရဖွယ်ထိုးနှက်ခံရမှုတစ်ခုဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဒီစစ်ပွဲကိုတိုက်ဖို့ ထရန့်ကိုထောက်ခံနေသူတွေကြားမှာလည်း သဘောထားတွေကွဲသွားနိုင်တဲ့အထိ အလှည့်အပြောင်းဖြစ်လာနိုင်ပါတယ်။


"ဒီကိစ္စက အမေရိကန်စစ်တပ်အတွက် ကြီးမားတဲ့စမ်းသပ်ချက်တစ်ခုလို့ ပြောနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ဒီကိစ္စကနေ သူတို့စစ်သားတွေဘယ်လိုအခြေအနေမျိုးရောက်နေနေ ရန်သူ့နယ်မြေထဲမှာပစ်မထားခဲ့ဘူးဆိုတာ သက်သေပြရမှာဖြစ်ပါတယ်"လို့ သြစတြေးလျအမျိုးသားတက္ကသိုလ် ပါမောက္ခ အာမင်ဆိုင်ကယ်လ် (Amin Saikal)က အယ်လ်ဂျားဇီးယား သတင်းဌာနကိုပြောကြားခဲ့ပါတယ်။အဆိုပါ ကယ်ဆယ်ရေးအောင်မြင်မှုကြောင့် သမ္မတထရမ့်အနေနဲ့ ဘယ်လိုဗျူဟာကိုမဆို လွတ်လပ်စွာဆက်လက်လုပ်ဆောင်နိုင်မယ့်အခွင့်အရေးရရှိသွားစေတယ်လို့ ဆိုင်ကယ်လ်ကဆက်ဖြည့်ပြောပါတယ်။


အီရန်နိုင်ငံအနေနဲ့ သဘောတူညီချက်တစ်ခုပြုလုပ်ရန် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို ၄၈နာရီအတွင်းပြန်ဖွင့်ဖို့ အမေရိကန် သမ္မတထရမ့်က ရာဇသံပေးထားပြီး မလိုက်နာရင်ပိုမိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေပြုလုပ်မယ်လို့လည်းခြိမ်းခြောက်ထားပါတယ်။ မလိုက်နာရင် အီရန် စွမ်းအင်စက်ရုံတွေကိုဗုံးကြဲပစ်မယ်လို့ ထရမ့်ကပြောနေတဲ့အတွက် တဖက်မှာလည်း အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ပွဲအတွင်းလိုက်နာရမယ့်ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ထောက်ပြပြောဆိုနေတာတွေလည်း ရှိနေပါတယ်။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစပြီး အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ်စတင်တိုက်ခိုက်ခဲ့ပြီး အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာခါမေနီ အပါအဝင် ထိပ်တန်းစစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်တွေကို သတ်ဖြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အီရန်မှာ အနည်းဆုံးလူပေါင်း ၂,၀၇၆ ဦး သေဆုံး၊ ၂၆,၅၀၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း အဆိုပါပဋိပက္ခကနေ ဒေသတွင်းစစ်ပွဲပုံစံအဖြစ်ပြောင်းလဲသွားပြီး အီရန်က အမေရိကန်စစ်တပ်နဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေလက်ခံထားတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို တုံ့ပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။


အမေရိကန်လေသူရဲ ဘာတွေကြုံခဲ့ရလဲ

ပြီးခဲ့တဲ့ သောကြာနေ့မနက်ပိုင်းက လေသူရဲနှစ်ဦးလိုက်ပါလာတဲ့ အမေရိကန် F-15E တိုက်လေယာဉ် အီရန်တောင်ပိုင်းကောင်းကင်ယံပေါ်ကနေ ပစ်ချခံခဲ့ရပါတယ်။ အမေရိကန်ဘက်ကဖျက်ဆီးပစ်နိုင်ခဲ့ပြီလို့ကြွေးကြော်ထားတဲ့ အီရန်ရဲ့ "ခေတ်မီလေကြောင်း ရန်ကာကွယ်ရေး စနစ်သစ်"ဟာ လက်ရှိအချိန်အထိ ထိရောက်မှုရှိနေဆဲဖြဆိုတာ အမေရိကန်တိုက်လေယာဉ်ကိုပစ်ချနိုင်ခဲ့တာနဲ့ အီရန်အစိုးရကသက်သေထူနိုင်ခဲ့ပါတယ်။ ဒီလေယာဥ် ပစ်ချခံရမှုဟာ၂၀၀၃ခုနှစ် အီရတ်ကျူးကျော်စစ်ပြီးနောက်ပိုင်း အမေရိကန်တိုက်လေယာဉ်တစ်စင်း ပထမဆုံးအကြိမ် ပစ်ချခံရတာဖြစ်ပါတယ်။


ကယ်ဆယ်ရေး လုပ်ငန်းစဥ်

လေယာဉ်ပျက်ကျပြီး နာရီပိုင်းအတွင်းမှာပဲ ကယ်ဆယ်မှုစစ်ဆင်ရေးကို အမေရိကန်အစိုးရက ချက်ချင်းစတင်ခဲ့ပါတယ်။ပျက်ကျသွားတဲ့ ပထမလေယာဥ်မှုးကို နာရီပိုင်းအတွင်းကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးနေတဲ့ဗိုလ်မှူးကြီးအဆင့်ရှိ "လက်နက်ပိုင်းဆိုင်ရာကျွမ်းကျင်သူ" ဒုတိယလေယာဥ်မှုးကို ကယ်တင်နိုင်ဖို့ ဆက်ကြိုးစားခဲ့ပါတယ်။


ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်းမှာ အမေရိကန်ရဲ့ Black Hawk ရဟတ်ယာဉ်တစ်စင်းပစ်ခတ်ခံခဲ့ရပေမယ့် ပျက်ကျမသွားဘဲဆက်လက်ပျံသန်းနိုင်ခဲ့ပါတယ်။ပျောက်ဆုံးနေတဲ့လေသူရဲရှိနေတဲ့နေရာကို အမေရိကန်ဘက်က ခြေရာခံမိထားပြီးဖြစ်ကြောင်း သမ္မတထရမ့်ကအရိပ်အမြွက်ပြောကြားခဲ့ပေမယ့် အဲ့ဒီဒေသဟာ တောင်တန်းထူထပ်တဲ့နေရာဖြစ်တာကြောင့် ကယ်တင်မှုအတွက် စိန်ခေါ်မှုများစွာနဲ့ကြုံခဲ့ရပါတယ်။


F-15E ပျက်ကျတဲ့အချိန်ဝန်းကျင်မှာပဲ ဟော်မုဇ်ရေလက်ကြားအနီးမှာ A-10 Warthog တိုက်လေယာဉ်တစ်စင်း ထပ်မံပစ်ခတ်ခံခဲ့ရပါတယ်။ဒါပေမယ့် အဆိုပါလေယာဉ်က လေသူရဲဟာ လေယာဉ်မပျက်ကျမီမှာပဲအချိန်မီခုန်ထွက်နိုင်ခဲ့တာကြောင့် ဘေးကင်းကင်းနဲ့ကယ်တင်နိုင်ခဲ့ပါတယ်။ အဆိုပါလေယာဉ်ကိုလည်း သူတို့ကာကွယ်ရေးစနစ်ကိုအသုံးပြုပြီးပစ်ချနိုင်ခဲ့တာဖြစ်ကြောင်း အီရန်မီဒီယာတွေက ဖော်ပြကြပါတယ်။

အီရန်ဘက်ကတုံ့ပြန်မှု

အမေရိကန် F-15E တိုက်လေယာဉ်ပစ်ချခံရပြီးနောက် အဲ့ဒီလေယာဥ်ပေါ်မှာပါလာတဲ့ လေသူရဲအနီးအနားမှာပဲရှိနိုင်တယ်လို့ယူဆပြီး အီရန်တော်လှန်ရေးအစိုးရတပ် (IRGC)က အီရန်အနောက်တောင်ပိုင်း တောင်ထူထပ်တဲ့'ကိုဂီလူယေးနှင့်ဘွိုင်ယာ-အာမက်' (Kohgiluyeh and Boyer-Ahmad) ပြည်နယ်က နေရာအချို့ကို ဝိုင်းရံပိတ်ဆို့ခဲ့ပါတယ်။


အီရန်အာဏာပိုင်တွေဘက်က ထူးထူးခြားခြားလုပ်ရပ်တခုအနေနဲ့ ပျောက်ဆုံးနေတဲ့ အမေရိကန်လေသူရဲကို ရှာဖွေဖမ်းဆီးပေးမှုမှာ အကူအညီပေးဖို့ အီရန်လူထုကိုတိုက်တွန်းခဲ့ပါတယ်။ အီရန်အစိုးရပိုင် ရုပ်သံလိုင်းတွေမှာလည်းပျက်ကျသွားတဲ့ အမေရိကန်လေယာဉ်အပိုင်းအစပုံတွေကို ထပ်ခါတလဲလဲပြသခဲ့ပြီး၊ လေသူရဲကိုဖမ်းဆီးပေးနိုင်တဲ့သူ ဒေါ်လာ ၆၀,၀၀၀ (အမေရိကန်ဒေါ်လာ ခြောက်သောင်း) ဆုငွေပေးမယ်လို့လည်းကမ်းလှမ်းခဲ့ပါတယ်။


အီရန် အစိုးရရဲ့ တိုက်တွန်းမှုကြောင့် လေယာဥ်ပျက်ကျသွားတဲ့နေရမှာ လှည့်လည်နေထိုင်နေတဲ့ (Nomadic tribes) မျိုးနွယ်စုတွေက အမေရိကန်လေသူရဲ ရှာဖွေရေးမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။အီရန်အစိုးရပိုင် မီဒီယာတွေမှာထုတ်လွှင့်တဲ့ ဗီဒီယိုမှတ်တမ်းတွေကတဆင့် ရိုင်ဖယ်သေနတ်တွေနဲ့အီရန်နိုင်ငံတော်အလံတွေကိုင်ဆောင်ထားတဲ့သူတွေ အနောက်တောင်ပိုင်း တောင်တန်းတွေကြား ရှာဖွေရေးလုပ်နေတာတွေမြင်တွေ့ရပါတယ်။


တနင်္ဂနွေနေ့မှာ IRGCအဖွဲ့က အီရန်တောင်ပိုင်း'အစ်စ်ဖာဟန်' (Isfahan) ဒေသမှာပြုလုပ်ခဲ့တဲ့ အမေရိကန်လေသူရဲကယ်ဆယ်ရေး စစ်ဆင်ရေးအတွင်း အမေရိကန် C-130 လေယာဉ်နှစ်စင်းနဲ့Black Hawk ရဟတ်ယာဉ်နှစ်စင်းတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။


အမေရိကန်ဘက်က ကယ်ဆယ်ရေးလုပ်ဆောင်မှု

တနင်္ဂနွေနေ့အစောပိုင်းမှာ သမ္မတထရမ့်ကသူ့ရဲ့ Truth Social မီဒီယာကတဆင့် "အမေရိကန်သမိုင်းမှာ အစွန့်စားဆုံးရှာဖွေကယ်ဆယ်ရေးစစ်ဆင်ရေးတစ်ခု"ပြုလုပ်ပြီးပျောက်ဆုံးနေတဲ့ လေသူရဲကိုကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


"ရန်သူ့နယ်မြေထဲမှာရောက်နေတဲ့လေသူရဲကိုကယ်တင်နိုင်ဖို့ ကျွန်တော်အပါအဝင် စစ်ဘက်ခေါင်းဆောင်တွေက သူရှိနေတဲ့နေရာကို ၂၄ နာရီစောင့်ကြည့်ပြီးအသေအချာစီစဉ်ခဲ့ကြတာပါ"လို့ ထရမ့်ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


အီရန်တပ်ဖွဲ့ဝင်တွေ လက်ထဲမရောက်အောင်နှစ်ရက်တိုင်တိုင်ပုန်းအောင်းနေတဲ့ လေသူရဲကိုကယ်တင်နိုင်ဖို့ "ဖျက်အားပြင်း လက်နက်တွေ" တပ်ဆင်ထားတဲ့ လေယာဉ်ဒါဇင်နဲ့ချီစေလွှတ်ဖို့ ထရမ့်ကအမိန့်ပေးခဲ့ပါတယ်။အဲ့ဒီတချိန်ထဲမှာပဲ လေသူရဲရှိနေတဲ့ နေရာအတိအကျကိုသိနိုင်ဖို့ အမေရိကန်ဘက်က တောက်လျှောက်ခြေရာခံထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။


ပျောက်ဆုံးနေတဲ့ လေသူရဲနဲ့ပြန်တွေ့တဲ့အချိန်မှာ အီရန်နဲ့အမေရိကန်တပ်တွေ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ယူဆရပေမယ့် အဲ့ဒီတိုက်ပွဲ အသေးစိတ်ကို ထရမ့်ကထုတ်မပြောပါဘူး။ဒါပေမယ့် အဆိုပါလေသူရဲ "ဒဏ်ရာရထားတယ်"ဆိုတာအတည်ပြုခဲ့ပြီး "မကြာခင် ပြန်ကောင်းသွားမှာပါ" လို့လည်း ထပ်ပြောထားပါတယ်။


"အမြန်ဝင်၊ အမြန်ထွက်" (Get-in and get-out) လုပ်မယ်လို့ စီစဉ်ထားတဲ့ ကယ်ဆယ်ရေးစစ်ဆင်ရေးဟာ ရန်သူ့ဘက်ကပစ်ခတ်မှုကြောင့် အချိန်ကြန့်ကြာသွားခဲ့တယ်လို့ အယ်လ်ဂျားဇီးယားသတင်းထောက် John Hendren ရဲ့ အပြောအရသိရပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေက ညအမှောင်ကို အကာအကွယ်ယူပြီး ကယ်တင်ဖို့ကြိုးပမ်းခဲ့ပေမယ့် တိုက်ပွဲပြင်းထန်မှုကြောင့် နေ့အလင်းရောင်ထွက်တဲ့အချိန်ထိ ကြန့်ကြာသွားတယ်လို့ သိရပါတယ်။


နောက်ဆုံးမှာတော့ လေသူရဲကို အီရန်နိုင်ငံထဲကနေဘေးကင်းရာနေရာရောက်အောင် ကယ်ထုတ်နိုင်ခဲ့လို့ အီရန်လက်ထဲအမေရိကန်စစ်သုံ့ပန်းအဖြစ်ရောက်ရှိသွားနိုင်တဲ့အခြေအနေကို ရှောင်လွှဲနိုင်ခဲ့တာ" လို့ Hendrenက သူ့ရဲ့သတင်းမှာဖော်ပြထားပါတယ်။


ခရက်ဒစ် - အယ်လ်ဂျားဇီးယား


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page