တခြားပါတီကိုရွေးရင် နောက်နေ့ပြုတ်ကျမှာဖြစ်တာကြောင့် စစ်တပ်နဲ့ကျောချင်းကပ်ထားတဲ့ ကြံ့ဖွံ့ကိုသာရွေးချယ်ဖို့ ဦးခင်ရီမဲဆွယ်
- BVJ

- 6 days ago
- 1 min read
ယူဂရင်း/BVJ_နိုဝင်ဘာ ၂၀၊ ၂၀၂၅

စစ်အုပ်စုရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် တခြားပါတီတွေကိုရွေးရင် အစိုးရဖြစ်ပြီးနောက်နေ့ပြန်ပြုတ်ကျမှာဖြစ်တာကြောင့် စစ်တပ်နဲ့ရင်ချင်းအပ်၊ကျောချင်းကပ်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ-USDPကိုသာ မဲပေးဖို့ ပါတီဥက္ကဌ ဦးခင်ရီက မဲဆွယ်စည်းရုံးလာပါတယ်။
“အချုပ်ပြောရင် သောင်းကျန်းသူတွေမှိုလိုပေါက်အောင်ရှိနေတဲ့နိုင်ငံမှာ တပ်မတော်နဲ့ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီးမဆောင်ရွက်နိုင်ဘဲနဲ့ ဖောင်းထုနေတဲ့တချို့ဥစ္စာကိုသွားရွေးလို့မရဘူး။ ဒီနေ့ရွေးလိုက် ဒီနေ့အစိုးရဖြစ်ရင် နောက်နေ့ပြုတ်ကျသွားမှာပဲ။ နောက်နေ့သူပုန်ကတက်စီးသွားမှာပဲ။ နည်းသလားလို့ ကြာသလားလို့ထင်သွားမယ်။ ဒီလိုအခြေအနေမျိုးမှာ တပ်မတော်နဲ့ကျောချင်းကပ် ရင်ချင်းအပ်ဆောင်ရွက်နိုင်တဲ့အဖွဲ့အစည်းမျိုးကိုရွေး။လုပ်ဖူးကိုင်ဖူးတဲ့သူကိုရွေး၊ ခုနကပြောသလို လေဒဏ် မိုးဒဏ် သဘာဝဘေးဒဏ်၊ ငလျင်ဒဏ်၊ ဒီကြားထဲမှာ သတ်တဲ့ဖြတ်တဲ့သူတွေရဲ့ဒဏ် အဲ့ဒီဒဏ်ကိုခံနေရတဲ့ အနာတရတွေများတဲ့ကျနော်တို့နိုင်ငံမှာ လုပ်တတ်ကိုင်တတ်၊ လုပ်ဖူးကိုင်ဖူးတဲ့သူတွေလိုတယ်။ အတွေ့အကြုံရှိတဲ့သူတွေကိုရွေး။ နောက်ဆုံးအချက်ကတော့ အဲ့ဒါတွေနဲ့ပြည်စုံတာသည် ကျနော်တို့နဲ့ပြည်ခိုင်ဖြိုးပဲလို့ပြောချင်တယ်။ အဲ့ဒါကြောင့် မဲပေးကြပါ မဲပေးကြပါ”လို့ မနေ့က နိုဝင်ဘာ ၁၉ရက်မှာ ရန်ကုန်မြို့မှာပြုလုပ်တဲ့ ကြံ့ဖွံ့ပါတီရွေးကောက်ပွဲ ကြေညာစာတမ်းရှင်းလင်းပွဲမှာ ဦးခင်ရီကပြောတာပါ။
ရွေးကောက်ပွဲကြေညာစာတမ်းတွေမှာပါတဲ့ ကတိတွေကိုမတည်ခဲ့ရင် သူ့မျက်နှာကိုလက်သီးနဲ့ထိုးဖို့ကိုလည်း ကြံ့ဖွံ့ခေါင်းဆောင်ဦးခင်ရီက ပြောခဲ့ပါသေးတယ်။
ဒါ့အပြင် ပျော်ဘွယ်မြို့မှာ မနေ့က နိုဝင်ဘာ ၁၉ရက်မှာမဲဆွယ်ဟောပြောခဲ့တဲ့ ကြံ့ဖွံ့ပါတီရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒုဗိုလ်ချုပ်ဟောင်း ဦးသောင်းအေးကလည်း စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲ တရားမျှတမှုမရှိဘူးလို့ပြောနေကြတာဟာ မနာလိုလို့ ပျက်စီးရာပျက်ဆီးကြောင်းပြောနေကြတာသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
စစ်တပ်ကဗိုလ်ချုပ်ဟောင်း၊ ဗိုလ်ကြီးဟောင်းတွေပါဝင်ယှဉ်ပြိုင်ကြမယ့် ကြံ့ဖွံ့ပါတီဟာ စစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ဝင်ပြိုင်မှာဖြစ်ပြီး မပြိုင်ခင်ကထဲက တစ်ဦးထဲပြိုင်ဘက်မရှိအနိုင်ရထားတဲ့ ၂၈နေရာလည်းရှိထားပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်ကဝင်ပြိုင်မယ့် နိုင်သူအကုန်ယူစနစ်(FPTP)အတွက် ဝင်ပြိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးထဲက တစ်ဦးဟာလည်း အခုလ ၁၇ရက်ကသေဆုံးသွားတာကြောင့် ကြံ့ဖွံ့ပါတီကပြိုင်ဘက်မရှိဘဲ အနိုင်ရရှိသွားမှာဖြစ်ပါတယ်။







Comments