တရုတ်ကိုထိန်းချုပ်နိုင်ဖို့ အာဖဂနစ္စတန်က ဘာဂရမ်လေတပ်စခန်းပြန်ရဖို့ အမေရိကန်ကြိုးစားနေ

အေတီ/BVJ_ စက်တင်ဘာ ၁၉၊၂၀၂၅

အာဖဂန်နစ္စတန်နိုင်ငံက ဘာဂရမ်လေတပ်စခန်းကို တာလီဘန်တွေလက်ထဲကပြန်ရရှိဖို့ ကြိုးစားနေတဲ့အကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုပါတယ်။
"အဲ့ဒီလေတပ်စခန်းက ကမ္ဘာ့အကြီးဆုံးလေတပ်စခန်းတွေထဲကတစ်ခုပါ။ ပြန်ရဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ပြန်လိုချင်တဲ့အဓိကအကြောင်းရင်းတခုက တရုတ်နျူကလီးယားမစ်ဇိုင်းတွေရှိတဲ့နေရာ နဲ့ အဲ့ဒီလေတပ်စခန်းက တစ်နာရီလောက်ပဲဝေးလို့ပါ”
ယူကေနိုင်ငံခရီးစဥ်အတွင်း ယူကေဝန်ကြီးချုပ်ကီယာစတမ်မာနဲ့ပူးတွဲကျင်းပခဲ့တဲ့ မနေ့ကသတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောခဲ့တာဖြစ်ပါတယ်။တရုတ်ကိုထိန်းချုပ်နိုင်ဖို့ အာဖဂန်နစ္စတန်လေတပ်စခန်းကို ပြန်ယူဖို့ကြိုးစားနေတယ်ဆိုတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပြောကြားချက်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုကြား အားပြိင်မှုကိုစောင့်ကြည့်နေတဲ့ အနောက်မဟာမိတ်နိုင်ငံတွေကို သတိပေးလိုက်သလိုဖြစ်သွားပါတယ်။
၂၀၂၁ခုနှစ် သမ္မတဂျိုးဘိုင်ဒန်လက်ထက် အာဖဂန်နစ္စတန်နိုင်ငံထဲကနေ အမေရိကန်တပ်တွေပြန်ဆုတ်တဲ့အချိန် ဘာဂရမ်လေတပ်စခန်း တာလီဘန်လက်ထဲရောက်သွားတာဖြစ်ပါတယ်။တာလီဘန်တွေလက်ထဲ ဘာဂရမ်လေတပ်စခန်းပေးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒန်ကို ဒေါ်နယ်ထရမ့်က ထပ်ခါတလဲလဲ အပြစ်တင်နေပါတယ်။
သူရွေးကောက်ပွဲနိုင်ပြီးတဲ့အချိန် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလမှာလုပ်ခဲ့တဲ့ ပထမဆုံးအမေရိကန်အစိုးရအစည်းအဝေးမှာလည်း အာဖဂန်လေတပ်စခန်းကို တရုတ်ကြောင့်ပြန်ယူရမယ်လို့ အမေရိကန်သမ္မဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ဒါပေမယ့် အမေရိကန်စစ်တပ် အာဖဂန်ကထွက်ပြီးနောက်ပိုင်း တာလီဘန်အစိုးရကို အမေရိကန်အစိုးရကအသိအမှတ်မပြုဘဲ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေအကြီးအကျယ်ပြုလုပ်ထားတဲ့အတွက် လေဆိပ်ပြန်ယူရေးမှာ အခက်အခဲတွေရှိနေပါတယ်။

အစီရင်ခံစာတွေအရဆိုရင်တော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့အကြမ်းဖက်ခြိမ်းခြောက်မှုတွေကြောင့် ပထဝီဝင်နိုင်ငံရေးအရ တာလီဘန်အစိုးရ အထီးကျန်ဖြစ်နေတဲ့အတွက် တာလီဘန်တွေက အမေရိကန်နဲ့ ပုံမှန်ဆက်ဆံရေးကိုပြန်လည်ထူထောင်ဖို့ စိတ်ဝင်စားနေကြောင်းသိရပါတယ်။
တကယ်လို့ အမေရိကန်ကသာ ဘာဂရမ်လေတပ်စခန်းကိုပြန်လည်ထိုန်းချုပ်နိုင်ခဲ့ရင် ဒေသတွင်းအမေရိကန်ရဲ့သြဇာလွှမ်းမိုးမှု၊တရုတ်ရဲ့ကြီးထွားလာတဲ့ သြဇာလွှမ်းမိုးမှုကိုတန်ပြန်နိုင်ဖို့ တရုတ်ရဲ့ကြီးထွားလာတဲ့နျူကလီးယားစွမ်းရည်တွေတိုက်ဖျက်ဖို့နဲ့ ကြီးထွားလာနေတဲ့အကြမ်းဖက်ခြိမ်းခြောက်မှုတွေကနေ အမေရိကန် ပိုမိုကာကွယ်လာနိုင်မှာဖြစ်ပါတယ်။
ရှင်ကျန်းပြည်နယ် ဟာမီမြို့က တရုတ်နျူးကလီးယားမစ်ဇိုင်းတွေရှိတဲ့နေရာဟာ ဘာဂရမ်လေတပ်စခန်းနဲ့မိုင်၅၀၀သာကွာဝေးပြီး ဂျပန်နဲ့ဖိလစ်ပိုင်မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေရဲ့အကွာအဝေးနဲ့စာရင် အနီးဆုံးဖြစ်ပါတယ်။ဘာဂရမ်လေတပ်စခန်းကိုသာ အမေရိကန်ပြန်ထိန်းချုပ်နိုင်ခဲ့ရင် တရုတ်ဘက်ကတိုက်ခိုက်လာမှုကို အချိန်နဲ့တပြေးညီအလျင်အမြန်တုံ့ပြန်လာနိုင်မှာဖြစ်တယ်လို့ တရုတ်အရေးကျွမ်းကျင်တဲ့သူတွေက သုံးသပ်ထားပါတယ်။
ဘာဂရမ်လေတပ်စခန်းကိုပြန်ထိန်းချုပ်နိုင်ဖို့ အမေရိကန်အစိုးရအနေနဲ့ တာလီဘန်အစိုးရနဲ့ညှိနှိုင်းမှုတွေ မဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်။




Comments