လူပေါင်း ၅၀ အစုအပြုံလိုက်သေဆုံးခဲ့ရတဲ့ ကျောက်တော်လေကြောင်းဗုံးကြဲမှုကို UNနဲ့UKရှုတ်ချ

မိုနာ/BVJ_စက်တင်ဘာ ၃၀၊ ၂၀၂၆

စက်တင်ဘာ ၂၈ရက်နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့က အိန္ဒိယစျေးကို စစ်တပ်ကလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅၀ ဦးသေဆုံးခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türkက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
UNHR ရဲ့ဒီနေ့ စက်တင်ဘာ ၃၀ရက်မှာထုတ်ပြန်ချက်ထဲမှာ ဒီလေကြောင်းတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံတစ်ဝန်း အရပ်သားတွေရင်ဆိုင်နေရတဲ့ဆိုးရွားတဲ့အခြေအနေကို ပိုမိုထင်ရှားစေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှာအခြေအနေကပိုပြီးဆိုးရွားနေတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဒီထုတ်ပြန်ချက်ထဲမှာ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးလည်းထည့်သွင်းပြောဆိုထားပြီး အဲ့ဒီထဲမှာ စစ်တပ်နဲ့အာရက္ခတပ်တော် (AA) နှစ်ဖက်စလုံးက ရိုဟင်ဂျာတွေအပေါ် မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊မအခြေပြု အကြမ်းဖက်မှုတွေ၊ အဓမ္မလုပ်အားပေးစေခြင်းနဲ့ အတင်းအကျပ် စစ်သားစုဆောင်းခြင်းတွေ ဆက်လက်ပြုလုပ်နေတယ်လို့သတင်းတွေထွက်ပေါ်နေကြောင်းကိုလည်းဖော်ပြထားပါတယ်။
ပြီးတော့ ကျောက်တော်မြို့နယ်၊တိုက်ခိုက်ခံရမှုဟာ မလေးရှားနိုင်ငံက မြန်မာနိုင်ငံသား ၅,၀၀၀ခန့်ကို ပြန်လည်ပို့ဆောင်မယ့်တော့မယ့်အချိန်အနည်းငယ်အလိုမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီပြန်ပို့မယ့်အစီအစဉ်ကိုလည်း ချက်ခြင်းရပ်တန့်ဖို့ လူ့အခွင့်အရေးမဟာမင်းကြီးက မလေးရှားအာဏာပိုင်တွေကိုတောင်းဆိုခဲ့သေးတယ်လို့ ပြောထားပါတယ်။
ပြန်ပို့မယ့်အစား အစားထိုးဖြေရှင်းနည်းတွေကိုရှာဖွေဖို့နဲ့ အသက်အန္တရာယ်စိုးရိမ်ပြီး မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ဒုက္ခသည်တွေအတွက် အခြေခံလူ့အခွင့်အရေးတွေကို နိုင်ငံတကာဥပဒေနဲ့အညီ သေချာထည့်သွင်းစဉ်းစားပေးဖို့ကိုလည်း UNကတိုက်တွန်းထားပါတယ်။

အလားတူပဲ UKမြန်မာသံရုံးကလည်း ကျောက်တော်၊အိန္ဒိယစျေးကိုစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့တဲ့အပေါ် အလွန်အမင်းစိုးရိမ်တုန်လှုပ်ကြောင်း ဒီနေ့မနက်မှာထုတ်ပြန်ပါတယ်။
"အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိပါ။ ယူကေအစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်"လို့ UKအစိုးရကပြောထားပါတယ်။
ကျောက်တော်မြို့က အိန္ဒိယစျေးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့သူတွေထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့အမျိုးသမီးတွေ၊ မူဆလင်တွေအများအပြားပါဝင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါးထဲမှာလည်း ပြင်းထန်ဒဏ်ရာရထားသူ ၂၂ ဦးအထိရှိနေကြောင်းကိုလည်း အာရက္ခတပ်တော်-AAက နာမည်စာရင်းတွေနဲ့အတူထုတ်ပြန်ထားပါတယ်။

သေဆုံးခဲ့သူတွေကထဲက ပိုင်ရှင်မပေါ်သေးတဲ့အလောင်း ၂၂လောင်းကိုလည်း ULA/AAက မနေ့က စက်တင်ဘာ ၂၉ရက်မှာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။




Comments