top of page

မကွေးတိုင်းအတွင်း တိုက်ပွဲတွေနဲ့ပစ်ခတ်မှုတွေကြောင့် လူတစ်သိန်းကျော် နေရပ်စွန့်ခွာနေရ

  • Writer: BVJ
    BVJ
  • Jul 14
  • 1 min read

ယူဂရင်း/BVJ_ဇူလိုင် ၁၄၊ ၂၀၂၆

ဓါတ်ပုံ-ပေါက်မြို့နယ် လူသားစာနာဌာန
ဓါတ်ပုံ-ပေါက်မြို့နယ် လူသားစာနာဌာန

မကွေးတိုင်းမှာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ပစ်ခတ်မှုတွေကြောင့် လူဦးရေ တစ်သိန်းကျော် နေရပ်စွန့်ခွာနေရတယ်လို့ UNOCHAမြန်မာက မနေ့က ဇူလိုင် ၁၃ရက်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာကိုထုတ်ပြန်ခဲ့ပါတယ်။


အဲ့ဒီထဲမှာ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိမယ်လို့ခန့်မှန်းထားပြီး အများစုကအကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူတွေဖြစ်ကြောင်းနဲ့အထူးသဖြင့် အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာမှုအသစ်တွေဖြစ်ပေါ်နေတာဖြစ်တယ်လို့ ဖော်ပြပါတယ်။


မကွေးတိုင်းအတွင်း လက်ရှိစစ်ဘေးရှောင်အခြေအနေတွေနဲ့ပတ်သက်ပြီး NUGရဲ့ပေါက်မြို့နယ် လူသားစာနာဌာနကလည်း ဒီနေ့ ဇူလိုင် ၁၄ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ပေါက်မြို့နယ် အရှေ့မြောက်ပိုင်း ဇုန်- ၇နယ်မြေ ကျေးရွာ၉ရွာက အိမ်ထောင်စု (၁၅၀၅)စုက လူဦးရေ ၇၀၀၀ ခန့်က ယာယီစစ်ဘေးရှောင်နေရာတာနှစ်ပါတ်ကျော်ကြာလာပြီး လက်ရှိအထိနေရပ်မပြန်နိုင်သေးဘဲ တောတောင်တွေမှာယာယီစစ်ဘေးရှောင်နေရတာကြောင့် အစားအသောက်တွေလိုအပ်နေတာကို ပြောထားတာပါ။


ဒါ့အပြင် စစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုကလည်း ထောက်ရှာပင်ကျေးရွာကို မနေ့က ဇူလိုင် ၁၃ရက်မှာမနက်ပိုင်းမှာ မီးထပ်ရှို့သွားတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနကပြောထားပါတယ်။

UNOCHAမြန်မာက မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေထဲကတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး၊ ပဋိပက္ခ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်း၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအန္တရာယ်တွေနဲ့သွားလာကူညီနိုင်မှုဆိုင်ရာ အခက်အခဲတွေကြောင့် နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်တွေ ပိုမိုဆိုးရွားလာတာကြောင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်နေတယ်လို့ ဆိုထားပါတယ်။


အခု ၂၀၂၆မတ်လအကုန်ထိအလှုရှင်တွေထောက်ပံ့မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ နိုင်ငံတဝန်းရှိ အကူအညီပေးအပ်ဖို့လျာထားဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဖြစ်တဲ့ လူဦးရေ ၁ ဒသမ ၆ သန်းကိုအကူအညီပေးနိုင်ခဲ့ကြောင်းနဲ့ လက်နက်ကိုင်ပဋိပက္ခ၊ သွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက်တွေဟာ သွားလာ အကူအညီပေးနိုင်မှုကို ဆက်လက်ဟန့်တားနေဆဲဖြစ်တယ်လို့ UNOCHမြန်မာရဲ့ လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာမှာထည့်သွင်းဖော်ပြထားပါတယ်။


ဒါကြောင့် လူသားချင်းစာနာမှု အကူအညီတွေပေးရာမှာ ဘေးကင်းလုံခြုံမှုရှိဖို့နဲ့နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စဉ်ဆက်မပြတ်ပေးအပ်နိုင်ဖို့ အရေးကြီးကြောင်းနဲ့ အခုနှစ်လယ်ပိုင်းကိုရောက်လာချိန်မှာလည်း လူသားချင်းစာနာမှု လိုအပ်ချက်တွေဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။


မြန်မာနိုင်ငံရဲ့လူသားစာနာအကူအညီတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကတော့ အာဆီယံက AHA Centreကတဆင့်ပေးအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ခွဲခြားမှုမရှိဘဲဖြန့်ဝေပေးအပ်နေတယ်ဆိုပြီး အခု ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးမှာ ပြောထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page