မြန်မာက နေရပ်စွန့်ခွာထွက်ပြေးရသူတွေကိုကူညီဖို့ ကန့်သတ်ချက်တွေရှိနေဆဲလို့ UNOCHAထုတ်ပြန်
- BVJ
- 1 day ago
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၂၄၊ ၂၀၂၅

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့လက်နက် ကိုင်ပဋိပက္ခတွေကြောင့် လူဦးရေသုံးသန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ဒီနေ့မှာထုတ်ပြန်ပါတယ်။
ဒါ့အပြင် နိုင်ငံအဝှမ်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိနေသလို အရပ်သားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စတွေ ပိုမိုဆိုးရွားလာနေပြီး ထိခိုက်လွယ်တဲ့ ရပ်ရွာလူထုအတွက် အကြမ်းဖက်မှုနဲ့အခက်အခဲတွေပိုပြီးတော့တိုးလာနေတယ်လို့လည်း ဆိုထားပါတယ်။
UNOCHAအနေနဲ့ ၂၀၂၅ခုနှစ်ပထမနှစ်ဝက်အတွင်းမှာပဲ မြန်မာနိုင်ငံက လူဦးရေအနည်းဆုံး ၃ ဒသမ ၅ သန်းကိုအရေးပေါ်အကူအညီပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။
ဒါပေမယ့်လည်း UNOCHAအနေနဲ့ ရန်ပုံငွေအကြီးအကျယ်မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့်ဒုက္ခသည်တွေကို ရေရှည်လူသားချင်စာနာမှုဆိုင်ရာအကူအညီတွေ ပေးနိုင်ဖို့ခက်ခဲနေတယ်လို့လည်း UNOCHAကဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ သွားရောက်ပေးအပ်နိုင်ရေးအတွက် ကန့်သတ်ချက်တွေရှိနေဆဲဖြစ်ပြီး အထူးသဖြင့်တော့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာအကူအညီပေးရေးအတွက် ကြီးမားတဲ့ကန့်သတ်ချက်တွေရှိနေတယ်လို့ ဆိုထားပါတယ်။
အခုလို ကန့်သတ်ချက်တွေကြောင့် လူသားချင်စာနာထောက်ထားမှုအကူအညီလိုအပ်နေသူတွေ အတွက် ဘေးကင်းလုံခြုံစွာအကူအညီတွေပေးဖို့ခက်ခဲနေတယ်လို့လည်း UNOCHAထုတ်ပြန်ချက်မှာဖော်ြပထားပါတယ်။
ပုံစာ- ရခိုင်တောင်ပိုင်း၊ကျောက်ဖြူမြို့နယ်က ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းက တွေ့ရပုံ။(ဓါတ်ပုံ-CJ)
Comments