ရွေးကောက်ပွဲကျင်းပနေတဲ့ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကနေ အရပ်သား ၁၇၀ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂထုတ်ပြန်
- BVJ

- Feb 3
- 1 min read
အေတီ/BVJ_ ဇန်နဝါရီ ၃၀၊ ၂၀၂၆

ရွေးကောက်ပွဲကျင်းပနေချိန်အတွင်း မြန်မာစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ်လေးရာကျော်ပြုလုပ်ခဲ့တာကြောင့် အနည်းဆုံး အရပ်သား ၁၇၀ သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂကဒီနေ့ထုတ်ပြန်ပါတယ်။
“၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲအဆင့်သုံးဆင့်ကျင်းပခဲ့တဲ့ကာလအတွင်းမှာ စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှု ၄၀၈ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး အရပ်သား ၁၇၀ ဦး သေဆုံးခဲ့ကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေအရအတည်ပြုနိုင်ပါတယ်” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။
ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုက ၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီးနောက် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ၂၈ ရက်ကနေ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ၂၅ရက်ကြားမှာ ရွေးကောက်ပွဲသုံးကြိမ်ခွဲပြီးကျင်းပပြုလုပ်ခဲ့ပါတယ်။
ဇန်နဝါရီ၂၂ရက်နေ့က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ အထိသေဆုံးခဲ့သလို မြန်မာစစ်တပ်ကိုဆန့်ကျင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ရွေးကောက်ပွဲကျင်းပမယ့်နေရာအချို့နဲ့ ရွေးကောက်ပွဲကော်မရှင်ကတာဝန်ရှိတဲ့သူအချို့ကို တိုက်ခိုက်ခဲ့ကြတယ်” လို့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲတွေပြီးသွားတဲ့အတွက် မတ်လထဲမှာလွှတ်တော်အသစ်တစ်ရပ်ခေါ်ယူပြီး၊ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီးရင် ဧပြီလထဲမှာ အာဏာလွှဲပြောင်းပေးနိုင်လိမ့်မယ်လို့ ဒီလအစောပိုင်းမှာပြောကြားထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ “ရွေးကောက်ပွဲကာကွယ်စောင့်ရှောက်ရေးဥပဒေ” အရ အမျိုးသား ၃၂၄ ဦးနဲ့ အမျိုးသမီး ၈၀ ဦးကို ဖမ်းဆီးခံခဲ့ရကြောင်း အဲ့ဒီထဲမှာ ရွေးကောက်ပွဲဆန့်ကျင်မှုကြောင့် ထောင်ဒဏ် ၄၉ နှစ်ချမှတ်ခဲ့တဲ့အမှုတစ်ခုလည်းပါဝင်ကြောင်း ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။
“စစ်တပ်ဟာ လူတွေမဲထည့်ဖို့ အတင်းအကျပ်တွန်းပို့တာတွေလုပ်ပြီး အကြမ်းဖက်မှုနဲ့အုပ်ချုပ်မှုခိုင်မာအောင်လုပ်ဖို့ကြိုးစားနေပါတယ်။ အဲ့ဒီကနေ အရပ်သားအုပ်ချုပ်ရေးပုံစံတစ်ခု နောက်ထပ်ဖြစ်လာနိုင်စရာမရှိပါဘူး” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turkကပြောပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် “ဩဇာရှိတဲ့ နိုင်ငံကြီးတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ အမြန်ဆုံး အဆုံးသတ်ဖို့ ကြိုးပမ်းအားထုတ်မှုတွေအရှိန်အဟုန်မြင့်လုပ်ဆောင်သင့်ကြောင်း သူကတိုက်တွန်းခဲ့ပါတယ်။







Comments