“နွေဦးတော်လှန်ရေး”လို့ သုံးစွဲဟောပြောခဲ့တဲ့ ကိုယ်စားလှယ်လောင်းကိုအရေးယူဖို့ UECပြင်ဆင်နေ
- BVJ

- Nov 17
- 1 min read
မိုနာ/BVJ_ နိုဝင်ဘာ ၁၇၊ ၂၀၂၅

ပြည်သူ့ပါတီ-PPက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ ရွေးကောက်ပွဲမဲဆွယ်ဟောပြောရာမှာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်စဥ်ကို “အရေးတော်ပုံ” နဲ့“တော်လှန်ရေး”ဆိုတဲ့ စကားလုံးတွေသုံးနှုန်းခဲ့ပြီး မျိုးဆက်သုံးဆက်တိုင် နိုင်ငံရေးအကျဉ်းသားလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။
“ကျနော့်အဖေဆိုရင်လည်း ကိုကိုးကျွန်းပြန်ကြီးပေါ့။ မဆလရဲ့ တစ်ပါတီ အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ တွန်းလှန်တော်လှန်ခဲ့တဲ့ လူတစ်ယောက်ဖြစ်တယ်။ ကျနော့်အဖေဟာလည်း ထောင်အကြိမ်ကြိမ် ကျခဲ့တယ်။ အခု ကျနော်ဆိုရင်လည်း ၈၈ နောက်ပိုင်း ကျောင်းသားခေါင်းဆောင်များနဲ့အတူ အင်းစိန်ထောင်၊ သရက်ထောင်တွေမှာကျခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ယောက်ဖြစ်တယ်။ ကျနော့်သားကတော့ အခု ၂၀၂၁ ဒီအရေးတော်ပုံမှာ ထပ်မံပြီးတော့ ကျခဲ့တာ ပြီးခဲ့တဲ့ လပိုင်းကပဲ ပြန်လွတ်လာတာဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ဟာ ပြည်သူအတွက်ကို ထောင်ပဲကျကျ တန်းပဲကျကျဆိုတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦး ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ကျနော်တို့ဟာ ယုံယုံကြည်ကြည်ပဲ ပြည်သူတွေအတွက် အာမခံချက်ပေးနိုင်ပါတယ်” လို့ဦးလွင်မြင့်က မဲဆွယ်ဟောပြောခဲ့တာပါ။
ဦးလွင်မြင့်ရဲ့ ဒီလိုမဲဆွယ်ဟောပြောမှု၊ သုံးနှုန်းမှုတွေဟာ ဥပဒေနဲ့မကိုက်ညီဘူးဆိုပြီး ဦးလွင်မြင့်ကိုကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးပေးဖို့ဆိုပြီး လူမှုကွန်ရက်နဲ့တယ်လီဂရမ်ချန်နယ်တွေကနေ စစ်အုပ်စုထောက်ခံသူတွေကလှုံ့ဆော်ခဲ့ကြပါတယ်။

အဲ့ဒီနောက် မနေ့က နိုဝင်ဘာ ၁၆ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECကနေ စစ်အုပ်စုထောက်ခံမီဒီယာတွေကို ဦးလွင်မြင့်နဲ့ပတ်သက်ပြီးဖြေဆိုခဲ့ပါတယ်။
အဲ့ဒီဖြေဆိုချက်ထဲမှာ ဦးလွင်မြင့်ရဲ့အကြောင်းအရာမှန်ကန်ခဲ့ရင် တရားစွဲအဖွဲ့အစည်းတွေက သက်ဆိုင်ရာဥပဒေနဲ့အရေးယူဆောင်ရွက်ရမှာဖြစ်သလို အဲ့ဒီလိုအရေးယူဆောင်ရွက်ပြီးရင် UECကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ သက်ဆိုင်တဲ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ဆက်လက် အရေးယူဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောထားပါတယ်။
ပြည်သူ့ပါတီဟာ ဦးကိုကိုကြီးဦးဆောင်တဲ့ပါတီဖြစ်ပြီး စစ်အုပ်စုရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်း ငါးရာကျော်ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတခုဖြစ်ပါတယ်။







Comments