တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလျော့ချပစ်ဖို့ ဒေါ်နယ်ထရမ့် အမိန့်ပေး
- BVJ

- 6 hours ago
- 1 min read
အီးကေ/BVJ_သြဂုတ် ၁၇၊ ၂၀၂၆

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့သူနဲ့ကြားက "အလွန်ကောင်းမွန်တဲ့ဆက်ဆံရေး"ကိုထောက်ပြပြီး၊ အီရန်နဲ့စစ်ပွဲမှာ အမေရိကန်ကိုမထောက်ခံခဲ့တဲ့ တောင်ကိုရီးယားရဲ့လုပ်ရပ်အပေါ် မကျေနပ်ချက်တွေကြောင့် တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို "သိသိသာသာ" လျှော့ချဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို သမ္မတဒေါ်နယ်ထရမ့်ကအမိန့်ပေးလိုက်ပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့ကနေ ၂၇ ရက်နေ့အထိနှစ်စဉ်ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမစတင်မီ Truth Social ပေါ်မှာ ထရမ့်က "မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ကျွန်တော့်ရဲ့အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး၊ အမေရိကန်က တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ဖို့ ရှေးယခင်ကတည်းကသဘောတူခဲ့တာကို ကျွန်တော်မကျေမနပ်ဖြစ်မိပါတယ်"လို့ရေးသားခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေကိုဖျက်သိမ်းဖို့အတွက် အချိန်နှောင်းသွားပြီဖြစ်လို့ သူတို့ကို "သိသိသာသာလျှော့ချဖို့" ကာကွယ်ရေးဝန်ကြီး ပီတေးဟက်ဆက် (Pete Hegseth)ကို အမိန့်ပေးထားကြောင်းလည်း သူကဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုမှာ တောင်ကိုရီးယားရဲ့ သဘောထားကို ထောက်ပြရင်း အမေရိကန်သမ္မတက "အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်ကို နူကလီးယားကင်းစင်ရေး (Denuclearization) လုပ်ငန်းစဉ်မှာ ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ တောင်ကိုရီးယားသမ္မတကို မကြာသေးခင်ကမှ ကျွန်တော် မေးမြန်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့က 'ကျေးဇူးတင်ပါတယ်၊ လက်မခံပါဘူး' လို့ ပြန်ပြောခဲ့ပါတယ်" လို့ ဆိုပါတယ်။
(Ulchi Freedom Shield - UFS) စစ်ရေးလေ့ကျင့်မှုဆိုတာ ၁၉၇၆ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နှစ်စဉ် ပူးပေါင်းလုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ကျူးကျော်မှုရန်ကို ကာကွယ်ဖို့ကို အဓိကထားပါတယ်။
အတိတ်ကာလတုန်းကတော့ ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ကိုလံဘီယာ၊ ဒိန်းမတ်၊ နယ်သာလန်နဲ့ နယူးဇီလန်နိုင်ငံတွေလည်း ဒီလေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ တောင်ကိုရီးယားမှာ ၁၁ ရက်ကြာ ပြုလုပ်မယ့် ဒီစစ်ရေးလေ့ကျင့်မှုမှာ ကိုရီးယားစစ်သား ၁၈,၀၀၀ နဲ့ အဆိုပါဒေသမှာ အခြေစိုက်တဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၂၈,၅၀၀ ပါဝင်မှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု လျော့ချဖို့ အမိန့်ပေးမှုဟာ ရုရှားရဲ့ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားစစ်သားတွေ သောင်းနဲ့ချီ ပါဝင်နေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး အဆိုပါ စစ်ရေးအတွေ့အကြုံရင့် မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက်မှုက တောင်ကိုရီးယားရဲ့ စိုးရိမ်ပူပန်မှုကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။



Comments