အိုမန်ကိုဗုံးကြဲပစ်မယ်လို့ ထရမ့်ခြိမ်းခြောက်
- BVJ

- 14 hours ago
- 1 min read
သူရ/BVJ_ သြဂုတ် ၁၇၊ ၂၀၂၆

အီရန်နဲ့ သဘောတူညီချက်ကိစ္စလမ်းမပေါ်လာရင် အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ အိုမန်နိုင်ငံကိုပါဗုံးကြဲမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကခြိမ်းခြောက်လိုက်ကြောင်း Fox News သတင်းဌာနကဖော်ပြပါတယ်။
ကမ္ဘာ့စီးပွားရေးအတွက်အလွန်အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် အမေရိကန်နဲ့အိုမန်နိုင်ငံတို့ဟာ အီရန်အစိုးရနဲ့ သီးခြားစီဆွေးနွေးမှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ အမေရိကန်-အီရန် စစ်ပွဲအတွင်း ဒီရေလက်ကြားဟာ လအတန်ကြာပိတ်ဆို့ခံထားရတာပါ။
ဖောက်စ် (Fox)သတင်းဌာနရဲ့ သတင်းထောက်တစ်ဦးရဲ့ ပြောကြားချက်အရ အမေရိကန်သမ္မတဟာ ဖုန်းနဲ့အင်တာဗျူးလုပ်နေစဉ်အတွင်း အိုမန်နိုင်ငံကို အခုလို ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့အစောပိုင်းမှာတော့ အိုမန်နိုင်ငံနဲ့သဘောတူညီချက်အပြီးသတ်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း အီရန်တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရက်ပေါင်း ၆၀ ပါရှိတဲ့ နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အမေရိကန်နဲ့အီရန်တို့ကြား ဆွေးနွေးမှုတွေရဲ့ အနာဂတ်ကတော့ မသေမချာဖြစ်နေဆဲပါ။
တနင်္လာနေ့က ဘဲဥပုံရုံးခန်း (Oval Office)မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်အတွင်း နားလည်မှုစာချွန်လွှာ သက်တမ်းတိုးဖို့စဉ်းစားနေသလားလို့ BBC Newsကမေးမြန်းခဲ့ရာမှာ ထရမ့်က "မတိုးပါဘူး"လို့ တိုတိုတုတ်တုတ် ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလအတွင်း အမေရိကန်နဲ့အစ္စရေးတို့က အီရန်ကိုစတင်တိုက်ခိုက်ခဲ့ချိန်ကစပြီး ကမ္ဘာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ (LNG) တင်ပို့မှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်ကပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။ အဲဒီရေလက်ကြားကို ပြန်ဖွင့်ဖို့ဆိုတာက ဆွေးနွေးပွဲတွေရဲ့အဓိက အချက်တစ်ချက်ဖြစ်လာခဲ့ပါတယ်။
အိုမန်နိုင်ငံဟာ အဲဒီရေလက်ကြားရဲ့ တောင်ဘက်အခြမ်းမှာတည်ရှိပြီး ဒီပဋိပက္ခမှာ ကြားနေနိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါပေမဲ့ အီရန်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုတွေကိုခံခဲ့ရဖူးပြီး ရေလက်ကြားကိုပြန်ဖွင့်နိုင်ဖို့အတွက် တီဟီရန်နဲ့ဆွေးနွေးရာမှာ အဓိကကျတဲ့ကဏ္ဍကနေပါဝင်ဆောင်ရွက်နေပါတယ်။
အမေရိကန်အစိုးရဘက်ကလည်း ရေလက်ကြားကိုပြန်ဖွင့်နိုင်ရေးအတွက် ကိုယ်ပိုင်ကြိုးပမ်းမှုတွေကိုလုပ်ဆောင်နေပါတယ်။ ဖောက်စ်သတင်းထောက် ထရေးယင်းစ် (Trey Yingst) ရဲ့ဖော်ပြချက်အရ "အိုမန်ကအနှောင့်အယှက်ပေးရင် ကျွန်တော်တို့ သူတို့ကိုဗုံးကြဲတိုက်ခိုက်ပစ်မယ်"လို့ ထရမ့်ကပြောကြားခဲ့ကြောင်း သိရပါတယ်။ဒါပေမဲ့ အိုမန်ဘက်က ဘယ်လိုလုပ်ရပ်မျိုးကို လုပ်ဆောင်မှသာ သူ့ရဲ့ သဘောတူညီချက်ရရှိရေး ရည်မှန်းချက်တွေကို အနှောင့်အယှက်ပေးတယ်လို့ သတ်မှတ်မလဲဆိုတာကိုတော့ ထရမ့်က ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။
ဖောက်စ်နဲ့ပြုလုပ်ခဲ့တဲ့ အဲဒီအင်တာဗျူးမှာတင် အမေရိကန်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ အဓိကစစ်ဘက်၊ စီးပွားရေးနဲ့ နိုင်ငံရေးအင်အားစုတစ်ခုဖြစ်တဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)နဲ့ တိုက်ရိုက်ဆက်သွယ်စကားပြောဆိုမှုတွေရှိနေတယ်လို့လည်း ထရမ့်ကဆိုခဲ့ပါတယ်။ဒါပေမဲ့ IRGC ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ထရမ့်ရဲ့ ပြောဆိုချက်ကိုငြင်းဆိုခဲ့ပါတယ်။
အီရန်အစိုးရရဲ့ တရားဝင်သတင်းဌာနတစ်ခုဖြစ်တဲ့ Tasnimသတင်းဌာနကို အီရန်အစိုးရပြောရေးဆိုခွင့်ရှိသူက "IRGC တာဝန်ရှိသူတွေနဲ့ အမေရိကန်တွေကြားဘာဆွေးနွေးမှုမှ မရှိပါဘူး။ ထရမ့်ရဲ့ဒီလိမ်လည်ပြောဆိုမှုဟာ စစ်ပွဲမှာ ရှုံးနိမ့်ပြီးအကြပ်အတည်းဖြစ်နေတာကြောင့် သူ့မှာဖြစ်ပေါ်လာတဲ့စိတ်ကူးယဉ်ဆန်ဆန် စိတ်ယောင်မှားမှုတွေသာဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အိုမန်နဲ့အီရန်တို့ဟာ သင်္ဘောတွေရေလက်ကြားကိုဖြတ်သန်းသွားလာနိုင်ဖို့ သဘောတူညီချက်ရရှိသွားပြီလို့ အီရန်ဘက်ကကြေညာပြီး နာရီပိုင်းအကြာမှာပဲ ထရမ့်က အိုမန်ကိုအခုလိုခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါဟီ (Esmaeil Baghaei) က သတင်းထောက်တွေကိုပြောကြားရာမှာ "ဖြတ်သန်းသွားလာမယ့် လမ်းကြောင်းမြေပုံနဲ့ပတ်သက်လို့ နားလည်မှုရရှိသွားပါပြီ" လို့ ဆိုပါတယ်။
နှစ်ဖက်စလုံးက အသေးစိတ်အချက်အလက်တွေကို အပြီးသတ်ညှိနှိုင်းပြီးမှသာ ပူးတွဲကြေညာချက်ထုတ်ပြန်သွားမယ်လို့ သူကဖြည့်စွက်ပြောကြားခဲ့ပါတယ်။ အိုမန်ဘက်ကလည်း ဒီဆွေးနွေးပွဲတွေကို အပြုသဘောဆောင်တယ်လို့ အရင်ကဖော်ပြခဲ့ဖူးပါတယ်။ဒီလအစောပိုင်းတုန်းကတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ် အာရာဂ်ချီ (Abbas Araghchi) က ရေလက်ကြားကိုအပြည့်အဝ ပြန်ဖွင့်ပေးဖို့ဆိုတာဟာ အမေရိကန်ဘက်က နားလည်မှုစာချွန်လွှာကို ချိုးဖောက်ခဲ့တယ်လို့ အီရန်ကယူဆထားတဲ့အတွက် အမေရိကန်ဆီကနေ လျော်ကြေးငွေရရှိဖို့အပေါ် မူတည်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ရေလက်ကြားကိုဖြတ်သန်းသွားလာမယ့် ကုန်တင်သင်္ဘောတွေအနေနဲ့ ကုန်စည်တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းကြားအခကြေးငွေပေးဆောင်ဖို့ တီဟီရန်ဘက်ကတောင်းဆိုနေတယ်လို့ အီရန်တာဝန်ရှိသူတစ်ဦးကိုကိုးကားပြီး ရိုက်တာ(Reuters)သတင်းဌာနက အရင်ကဖော်ပြခဲ့ဖူးပါတယ်။
ဇွန်လ ၁၈ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန်နဲ့ အီရန်တို့ကြားက သဘောတူညီမှုဟာ အပစ်အခတ်ရပ်စဲရေးကိုဖော်ဆောင်ပေးဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကို အနည်းဆုံးတစိတ်တပိုင်းပြန်ဖွင့်ပေးဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးကတိုက်ခိုက်မှုတွေကို ပြန်လည်စတင်ခဲ့တာကြောင့် သိမ်မကြာခင်မှာပဲအဲဒီသဘောတူညီမှုပျက်ပြားသွားခဲ့ပါတယ်။
ဇူလိုင်လ ၈ ရက်နေ့မှာတော့ တိုက်ခိုက်မှုတွေထပ်မံဖြစ်ပွားပြီးနောက် အပစ်အခတ်ရပ်စဲရေး "ပြီးဆုံးသွားပြီ" လို့ ထရမ့်ကကြေညာခဲ့ပြီး အီရန်ရဲ့ ခေါင်းဆောင်ပိုင်းကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ပါတယ်။
နားလည်မှုစာချွန်လွှာ သက်တမ်းကုန်ဆုံးတော့မယ့်အချိန် တနင်္လာနေ့မှာ ထရမ့်ကသူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာ "အဓိက ရည်မှန်းချက်ကတော့ အီရန်ဘက်က ဘယ်လိုပုံစံမျိုးနဲ့မှ နူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရှိစေရဆိုတာပါပဲ။ ဒါကလည်း အရင်ကရော၊ ဘယ်တော့မဆို အဓိကရည်မှန်းချက်ဖြစ်နေဦးမှာပါ" လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ခရက်ဒစ်-ဘီဘီစီ



Comments