မြောက်ဦးမှာ ရှေးဟောင်းရတနာတွေနဲ့ ငွေဒင်္ဂါးပြားတွေ့ရှိခဲ့သူ ကျောင်းသားလေးယောက်ကို ULA/AAဂုဏ်ပြု
- BVJ

- Feb 9
- 1 min read
အယ်နာ/BVJ_ဖေဖော်ဝါရီ ၉၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်း မြောက်ဦးခေတ်ကအသုံးပြုခဲ့တဲ့ ရှေးဟောင်းရတနာပစ္စည်းတွေနဲ့ ငွေဒင်္ဂါးပြား ၁၅၀ ကျော်ကိုတွေ့ရှိခဲ့တဲ့ ကျောင်းသားလေးတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က ဂုဏ်ပြုငွေတွေချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ရှာဖွေတွေ့ရှိခဲ့တဲ့ကျောင်းသားလေးတွေဟာ ၁၂နဲ့၁၃နှစ်အရွယ်တွေဖြစ်တဲ့ မောင်စိုးအောင်မင်း၊ မောင်သုခအောင်၊မောင်ကျော်စိုးလင်းနဲ့ မောင်ဖိုးမြင့်ဦးတို့ဖြစ်ပြီး တယောက်ကို ငွေကျပ် ၇၅ သိန်းစီချီးမြှင့်ခဲ့ကြောင်းနဲ့ အဲ့ဒီဂုဏ်ပြုဆုချီးမြှင့်ပွဲကိုမြောက်ဦးခရိုင်အတွင်းမှာကျင်းပခဲ့ပြီး အခမ်းအနားကို ULA/AA ဒေသဆိုင်ရာအကြီးအကဲတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရှေးဟောင်းသုတေသနပညာရှင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ဆုချီးမြှင့်ခံရသူတွေတက်ရောက်ခဲ့ကြတယ်လို့ ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ Arakan Princess Mediaက ဖော်ပြထားပါတယ်။
ကျောင်းသားလေးယောက်ဟာ ပြီးခဲ့တဲ့လ ဇန်နဝါရီလ ၂၄ ရက်၊နေ့လယ်ပိုင်း ဘောလုံးကစားနေချိန်မှာ ငွေဒင်္ဂါးအချို့ကိုတွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီကနေတဆင့်မြေတူးကြည့်ရာကနေ ကျောက်စိမ်းတုံး ၁ တုံး၊ ရွှေချောင်း ၁ ခု၊ ရွှေလက်စွပ် ၄ ကွင်း၊ ရွှေအပိုင်းအစတွေနဲ့ငွေဒင်္ဂါးပြား ၁၀၀ ကျော်ကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို ULA/AAဆီကိုအပ်နှံခဲ့တဲ့အတွက် ကလေးတွေကို ဂုဏ်ပြုလွှာနဲ့ဆု ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုကျောင်းသားလေးယောက်တွေ့ခဲ့တဲ့ ငွေဒင်္ဂါးပြားတွေဟာ ရခိုင်သက္ကရာဇ် ၁၀၀၀ ခုနှစ် ဆင်ဖြူသခင် နရပတိကြီး လက်ထက်ကအသုံးပြုခဲ့တဲ့ ဒင်္ဂါးပြား ၂၃ ပြား၊ သက္ကရာဇ် ၁၀၀၇ ခုနှစ် သတိုးမင်းတရား လက်ထက်ကအသုံးပြုခဲ့တဲ့ ဒင်္ဂါးပြား ၆၆ ပြား၊ သက္ကရာဇ် ၁၀၁၄ ခုနှစ် စန္ဒသုဓမ္မရာဇာလက်ထက်က အသုံးပြုခဲ့တဲ့ ဒင်္ဂါးပြား ၄၁ ပြား၊ သက္ကရာဇ် ၁၀၄၇ ခုနှစ် ဝရဓမ္မရာဇာ မင်းလက်ထက်ကအသုံးပြုခဲ့တဲ့ ဒင်္ဂါးပြား ၁ ပြားနဲ့ ပျက်စီးနေတဲ့ ဒင်္ဂါးပြား ၁ ပြားတို့ဖြစ်ပြီး အချင်းတစ်လက်မခန့်ရှိ ကျောက်စိမ်းတုံး ၁ တုံး၊ ရွှေလက်စွပ် ၄ ကွင်း၊ ရွှေချောင်း ၁ ခုနဲ့ ရွှေအပိုင်းအစတွေလည်း ပါဝင်ပါတယ် ။
ပြီးခဲ့တဲ့ ၂၀၂၅၊ ဇူလိုင်လ ၃ ရက်ကလည်း မြောက်ဦးခေတ် ရှေးဟောင်းသမိုင်းဝင် ပြည်စောင့်ရတနာ ခေါင်းလောင်းကို ပြန်လည်တူးဖော်တွေ့ရှိခဲ့ပါသေးတယ်။




Comments