စစ်ကောင်စီနဲ့ပူးပေါင်းသွားသူဟာ ULA/AAအဖွဲ့ဝင်မဟုတ်ဘူးလို့ ဦးခိုင်သုခ ရှင်း
- BVJ

- Jul 21, 2025
- 1 min read
BVJ/ ဂျိုး ၊ ဇူလိုင်-၂၁ ၊ ၂၀၂၅

အာရက္ခတပ်တော်-AA ရဲ့ သံတွဲမြို့နယ်က ထောက်ပို့တာဝန်ခံတစ်ဦးဖြစ်တဲ့ ဗိုလ်ယက္ခဆိုသူဟာ အခုလထဲမှာပဲ စစ်ကောင်စီနဲ့ပူးပေါင်းသွားတယ်ဆိုပြီး ပြည်တွင်းသတင်းဌာနတချို့ နဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ြပနေကြတဲ့အပေါ်မှာ AAဘက်က ရှင်းလင်းလာပါတယ်။
လက်ရှိစစ်ကောင်စီနဲ့ပူးပေါင်းသွားသူဟာ ULA/AA အဖွဲ့ဝင်တစ်ဦးမဟုတ်သလို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ပစ္စည်းဖောက်ထွင်းခိုးယူမှုနဲ့ ဖမ်းဆီးခံထားရသူတစ်ဦးသာဖြစ်တယ်လို့ AAရဲ့ ဒီနေ့ ဇူလိုင် ၂၁ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“သူ့နာမည်က အတာ။ မီဒီယာအချိုမှာ ဖော်ပြနေကြသလိုမျိုး ဗိုလ်ယက္ခ မဟုတ်ပါ။ သူဟာ လွန်ခဲ့တဲ့ သံတွဲတိုက်ပွဲကာလတုန်းက တိုက်နယ်မှူးတွေရဲ့နောက်ကလိုက်ပြီးတော့ ထမင်းချက်တာ၊ ရိက္ခာနည်း နည်းပါးပါး ပြောင်းပေးတာတွေလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒါတွေကို အခွင့်ကောင်းယူပြီးတော့ ဟိုတယ်ဇုန်တွေက ပစ္စည်းဖောက်ထွင်းခိုးယူတာတွေကို အုပ်စုဖွဲကျူးလွန်ခဲ့သူဖြစ်ပါတယ်” လို့ ULA/AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
အခုလို အုပ်စုဖွဲ့ဖောက်ထွင်းခိုယူမှုတွေကြောင့် ပြီးခဲ့တဲ့လထဲမှာ အဲဒီအတာဆိုသူကို AAဘက်က ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး စစ်ဆေးနေစဉ်ကာလမှာပဲ ထွက်ပြေးသွားခဲ့တာလို့ဆိုပါတယ်။
“စစ်ဆေးနေစဉ်ကာလမှာ သူ့ကိုထောက်ပို့စခန်းမှာထားပါတယ်။ အဲဒီမှာ ရေချိုးသွားတုန်းထွက်ပြေး လွတ်မြောက်သွားတာဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဖောက်ထွင်းခိုးယူမှုနဲ့ စစ်ဆေးခံနေရတဲ့တရားခံ ပြေးတစ်ဦးသာဖြစ်ပါတယ်။ တချို့သတင်းဌာနတွေမှာ ဖော်ပြနေသလိုမျိုး ULA/AA အဖွဲဝင် လုံးဝ မဟုတ်ပါကြောင်း ရှင်းလင်းအသိပေးအပ်ပါတယ်”
ဗိုလ်ယက္ခဆိုသူဟာ သံတွဲမြို့သိမ်းတိုက်ပွဲကာလက ULA/AA ကို ထောက်ပို့လုပ်ငန်းတွေ ကူညီခဲ့သူဖြစ်ပြီး အခုမှာတော့ ရခိုင်ရိုးမကိုကျော်ဖြတ်ပြီး ရန်ကုန်မြို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းသွားခဲ့ကြောင်းကို စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေမှာဖော်ပြကြသလို သူဟာထောက်ပို့ဖြစ်ကြောင်းကို သံတွဲဒေသခံတွေရဲ့ပြောဆိုချက်နဲ့ ရခိုင်သတင်းဌာနတွေမှာလည်း ဖော်ပြကြပါတယ်။
အာရက္ခတပ်တော်-AAအနေနဲ့ ရခိုင်ပြည်နည်က မြို့နယ် ၁၄မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး နောက်မှာတော့ AAထိန်းချုပ်မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်နေဆောင်နေပေမယ့် လိုအပ်ချက်တွေအများကြီးရှိနေသေးကြောင်းကို ဒေသခံတွေက ထောက်ပြပြောဆိုထားကြပါတယ်။




Comments