top of page

သံတမန်နေအိမ်ထဲကျူးကျော်ဝင်ရောက်မှုနဲ့ သံအမတ်ဟောင်း ဦးကျော်စွာမင်းကို ရုံးထုတ်စစ်ဆေးမှုစတင်

  • Writer: BVJ
    BVJ
  • 19 hours ago
  • 1 min read

သူရ/BVJ_သြဂုတ် ၁၃၊ ၂၀၂၆

သံအမတ်ကြီးဟောင်း ကျော်စွာမင်းကို လက်ရှိအချိန်အထိသူနေထိုင်နေတဲ့ ယူကေနိုင်ငံ၊ လန်ဒန်မြို့ရှိသံတမန်အိမ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ကတွေ့ရစဥ်
သံအမတ်ကြီးဟောင်း ကျော်စွာမင်းကို လက်ရှိအချိန်အထိသူနေထိုင်နေတဲ့ ယူကေနိုင်ငံ၊ လန်ဒန်မြို့ရှိသံတမန်အိမ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ကတွေ့ရစဥ်

ရာထူးကနေ ဖြုတ်ချခံခဲ့ရပြီးနောက် သံအမတ်နေအိမ်ကနေထွက်ခွာဖို့ငြင်းဆန်ခဲ့တဲ့ ယူကေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းဟာ ပိုင်နက်ကျူးလွန်မှု စွဲချက်တွေနဲ့ လန်ဒန်တရားရုံးမှာ မနေ့က ဗုဒ္ဓဟူးနေ့ သြဂုတ် ၁၂ ရက်နေ့မှာ စတင်ပြီး ရုံးထုတ်စစ်ဆေးခံနေရပါပြီ။


၂၀၂၁ ခုနှစ်၊မြန်မာနိုင်ငံမှာ စစ်အုပ်စုကအာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာစောင့်သိကြောင်းကြေညာခဲ့လို့ ဦးကျော်စွာမင်းဟာ သံရုံးဝင်းထဲပြန်ဝင်ခွင့်မရတော့ဘဲ ရာထူးကထုတ်ပယ်ခံခဲ့ရပါတယ်။ ယူကေရဲတပ်ဖွဲ့က သံအမတ်ဟောင်း ဦးကျော်စွာမင်းကို သံတမန်နယ်မြေအတွင်း တရားမဝင်ကျူးကျော်နေထိုင်မှု (Diplomatic Trespass)နဲ့ တရားဝင်အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။


စတာလင်ပေါင်သန်းဆယ်နဲ့ချီတန်တဲ့ အဆိုပါနေအိမ်ဟာ “မြန်မာနိုင်ငံတော် (The Union of Burma)” ပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်တဲ့အတွက် ရာထူးက ထုတ်ပယ်ခံရပြီးနောက်လွှဲပြောင်းပေးရမယ်လို့ အစိုးရရှေ့နေတွေကဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က လန်ဒန်တရားရုံးမှာ သူဟာ ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း သံတမန်ရေးရာနေအိမ်မှာဝင်ရောက်ကျူးလွန်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ရင်ဆိုင်ခဲ့ရပြီး လန်ဒန်မြို့မြောက်ပိုင်းက သံအမတ်နေအိမ်မှာ ဆက်လက်နေထိုင်နေတဲ့ ဦးကျော်စွာမင်းက ဗုဒ္ဓဟူးနေ့က လန်ဒန်တရားရုံးမှာ သူ့မှာအပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။


မြန်မာနိုင်ငံကို ပဋိပက္ခနဲ့စီးပွားရေးပျက်ပြားမှုဆီသို့တွန်းပို့ခဲ့ပြီး သမ္မတရာထူးကို အတင်းရယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရားမဝင်ဘူး၊ ဒါကြောင့်သူတို့အနေနဲ့ ဒီနေအိမ်ကနေထွက်သွားဖို့တောင်းဆိုပိုင်ခွင့်မရှိဘူးလို့ သံအမတ်ဟောင်းကဆိုပါတယ်။


ဦးကျော်စွာမင်းရဲ့ ရှေ့နေ ဒေးဗစ် ပယ်ရီ (David Perry)က "စစ်အာဏာပိုင်တွေအနေနဲ့ အဲဒီလိပ်စာမှာသူ့ရဲ့ခွင့်ပြုချက်ကို ဥပဒေနဲ့အညီရပ်စဲပိုင်ခွင့်မရှိသလို... အဲဒီပစ္စည်းကိုလည်း တရားဝင်အသုံးချပိုင်ခွင့်မရှိပါဘူး" လို့ တရားရုံးမှာ ခုခံပြောကြားခဲ့ပါတယ်။


တရားလိုဘက်ကတော့ မြန်မာအာဏာပိုင်တွေက ၂၀၂၁ ခုနှစ်၊ဧပြီလမှာကတည်းက သံအမတ်ဟောင်းကို "နိုင်ငံပိုင်ပစ္စည်းတွေကို လွှဲပြောင်းပေးဖို့" ညွှန်ကြားခဲ့ပြီး ယူကေနိုင်ငံခြားရေးရုံးကလည်း နေအိမ်ကနေထွက်သွားဖို့ ပြောဆိုခဲ့ပေမယ့် သူကလိုက်နာခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။


ယူကေအပါအဝင် ဒီမိုကရေစီနိုင်ငံအများစုက တရားဝင်အသိအမှတ်မပြုထားတဲ့ မြန်မာအစိုးရအပေါ် သူ့ရဲ့အမြင်ဟာစွဲချက်အတွက် ခုခံချေပချက်တစ်ရပ်မဖြစ်နိုင်ဘူးလို့ တရားလိုဘက်ကလျှောက်လဲခဲ့ပါတယ်။

တရားလိုရှေ့နေ လူးဝစ် အော့ကလေ (Louise Oakley) က "သံအမတ်တစ်ဦးအနေနဲ့ မြန်မာအိမ်တော်မှာ နေထိုင်ခွင့်ပြုထားခံရသူဖြစ်ပြီး အဲဒီရာထူးကနေ ဖယ်ရှားခံရပြီးနောက် သံတမန်ရေးရာနေရာဌာနကနေထွက်မပေးဘဲ ငြင်းဆန်နေတာဟာ ပိုင်နက်ကျူးလွန်မှု ကျူးလွန်ရာရောက်ပါတယ်" လို့ တရားရုံးမှာ ထွက်ဆိုပါတယ်။


မြန်မာစစ်အုပ်စုဘက်က သံအမတ်နေအိမ်ပိုင်ဆိုင်မှုကိစ္စကိုဖြေရှင်းပေးဖို့ အဆက်မပြတ်ဖိအားပေးတောင်းဆိုမှုများရှိကြောင်း ယူကေအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုထားတာရှိပါတယ်။ ယူကေအစိုးရအနေနဲ့ ဦးကျော်စွာမင်းရဲ့ ဒီမိုကရေစီအရေးရပ်တည်ချက်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး လန်ဒန်မှာနေထိုင်နိုင်ရေးကူညီမှုအချို့ ပေးခဲ့သော်လည်း သံအမတ်အိမ်ရာ ပိုင်ဆိုင်မှုအငြင်းပွားမှုမှာတော့ နိုင်ငံတကာသံတမန်ဥပဒေအတိုင်း စစ်ကောင်စီဘက်ကခန့်အပ်တဲ့ သံရုံးအာဏာပိုင်တွေထံလွှဲပြောင်းပေးရမယ်ဆိုတဲ့ရပ်တည်ချက်နဲ့ တရားစွဲဆိုမှုကို ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ခရက်ဒစ်- Guardian


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page