top of page

အာဏာသိမ်းစစ်ခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းချက်ချင်းထုတ်ဖို့ ကုလမှာတောင်းဆို

  • Writer: BVJ
    BVJ
  • Nov 13
  • 1 min read

ယူဂရင်း/BVJ_ နိုဝင်ဘာ ၁၃၊ ၂၀၂၅

ဓါတ်ပုံ-CINCDS
ဓါတ်ပုံ-CINCDS

အာဏာသိမ်းစစ်တပ်အနေနဲ့ အတုအယောင်ရွေးကောက်ပွဲပြုလုပ်ပြီး ကြီးလေးတဲ့ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့နဲ့ ရှောင်လွှဲဖို့ကြိုးပမ်းနေတာကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေနဲ့ စစ်ခေါင်းဆောင်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုဖမ်းဝရမ်းချက်ချင်းထုတ်ဖို့ကို အခုလ အောက်တိုဘာ ၁၁ရက်မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

 

ဦးကျော်မိုးထွန်းရဲ့မိန့်ခွန်းထဲမှာ စစ်အုပ်စုဟာ မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုအဆင့်ရှိတဲ့ ကြီးလေးတဲ့ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတာကြောင့် အဲ့ဒီရာဇဝတ်မှုတွေနဲ့စပ်လျဉ်းပြီး ခိုင်မာတဲ့သက်သေအထောက်အထားတဲ့ အချက်အလက်တွေကိုလည်း ကုလသမ္မဂအစီရင်ခံစာအသီးသီးမှာ အတိအလင်းဖော်ပြထားကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား- IIMMရဲ့ ၂၀၂၅ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာမှာလည်း စစ်တပ်က ချင်း၊ကချင်၊ကရင်နီ(ကယား)၊ ကရင်၊ရခိုင်၊ ရှမ်း၊စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ အရပ်သားတွေအပေါ်ခွဲခြားမှုမရှိဘဲ လေကြောင်း၊လက်နက်ကြီး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကလေးတွေအပါအဝင် အရပ်သားထောင်ပေါင်းများစွာကို ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်မှုတွေကျူးလွန်ကြောင်း ပြောထားပါတယ်။

 

စစ်အုပ်စုဟာတရားမဝင်အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၃၇၄၄ကြိမ်ပြုလုပ်ခဲ့တာကြောင့် လူပေါင်း ၄၁၃၅ဦးသေဆုံးခဲ့ပြီး စာသင်ကျောင်း၊ဆေးရုံ၊ ဆေးခန်းနဲ့ဘာသာရေးအဆောက်အအုံပေါင်း တစ်ထောင်ကျော်နဲ့ ပုဂ္ဂလိကပိုင်ပစ္စည်း စုစုပေါင်း တစ်သိန်းကျော်ကိုပျက်ဆီးခဲ့ကြောင်းနဲ့ အမျိုးသမီး၊ကလေးငယ်တွေအပါအဝင် လူပေါင်း ၄၇၆၃ဦး သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၄၅၂ကြိမ်ကိုလည်း ကျူးလွန်ခဲ့တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာတင်ပြပါတယ်။

 

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ၂၀၂၄၊နိုဝင်ဘာလမှာ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့ တရားစွဲအရာရှိက တရားရုံးကိုလျှောက်ထားခဲ့ပေမယ့် ဒီနေ့တစ်နှစ်နီးပါးကြာတဲ့အထိသိသာထင်ရှားတဲ့ တိုးတက်မှုမရှိသေးတာကြောင့် ပြည်သူတွေစိတ်ပျက်မှုကြီးမားလာနေပြီလို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

 

ဒါကြောင့် တရားရုံးရဲ့ အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေကို လိုအပ်နေပြီး မြန်မာပြည်သူတွေအတွက် အချိန်မီအရေးယူဆောင်ရွက်မှုကင်းမဲ့နေမှုဟာ ဝမ်းနည်းဖွယ်ရာဖြစ်တယ်လို့ ကုလအစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

 

ဒါ့အပြင် စစ်အုပ်စုရဲ့ရွေးကောက်ပွဲလိမ်ညာမှုဟာလည်း မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေကို ပိုမိုပေါ်ပေါက်စေပြီး ပြည်သူတွေကိုဆင်းရဲဒုက္ခတွေပိုမိုနက်ရှိုင်းစေမှာဖြစ်တာကြောင့် စစ်အုပ်စုစီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားပယ်ချကြဖို့ကိုလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်းပါတယ်။

 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေနဲ့ စစ်ရာဇဝတ်သားမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ဆုံးဖြတ်ချက် အမြန်ဆုံးချက်ခြင်းချမှတ်ဖို့လိုအပ်နေပြီး စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းတဲ့ တရားမျှတတဲ့အနာဂတ်ကိုရရှိစေဖို့ မြန်မာပြည်သူတွေရဲ့ကြိးပမ်းမှုမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာရပ်တည်ဖို့ကိုလည်း ဦးကျော်မိုးထွန်းက အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

 


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page