ထိုင်း-မြန်မာပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စစ်တပ်ခေါင်းဆောင်တွေဆွေးနွေး
- BVJ

- Mar 19
- 1 min read
မင်းမင်း/BVJ_ မတ် ၁၉၊ ၂၀၂၆

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စရပ်အပါအဝင် နှစ်နိုင်ငံစစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်ဖို့ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံချိန်ဆွေးနွေးခဲ့တယ်လို့ ထိုင်းစစ်တပ်က မနေ့ မတ်လ ၁၈ ရက် ညပိုင်းမှာထုတ်ပြန်ထားပါတယ်။
ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Ukris Boontanondha ၊ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chitchanok Nujjaya တို့ မနေ့ကမနက်ပိုင်းမှာ နေပြည်တော်ကိုသွားရောက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံချိန် လူသားချင်းစာနာထောက်ထားရေးဆိုင်အရာ အကူအညီတွေ၊ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်းရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးနှိမ်နင်းရေးကိစ္စရပ်တွေကို အလေးထားဆွေးနွေးခဲ့တယ်လို့ ထိုင်းစစ်တပ်က ဖော်ပြထားပါတယ်။
ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်အရ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာကိစ္စရပ်တွေကို ပူးပေါင်းမြှင့်တင်ဆောင်ရွက်သွားဖို့၊ စစ်ရေးဆိုင်ရာသင်တန်းတွေ ပူးပေါင်းအကောင်အထည်ဖော်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ အမျိုးသမီးအရာရှိတွေကို စစ်သင်တန်းတွေ၊ ကောလိပ်တွေမှာ တက်ရောက်နိုင်ဖို့နဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို ပူးပေါင်းအဖြေရှာဖို့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများအစည်းအဝေး (HLC) ကိုလည်း ကျင်းပသွားဖို့ စစ်ရေးပူးပေါင်းလေ့ကျင့်ဖို့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပေမဲ့ HLC အစည်းအဝေးနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်မယ့်အချိန်ကာလကို ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
အလားတူပဲ ထိုင်းစစ်တပ်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံမှုကို စစ်အုပ်စုကလည်း ထုတ်ပြန်ထားပါတယ်။
ထိုင်းစစ်တပ်ခေါင်းဆောင်နဲ့ စစ်ခေါင်းဆောင်တို့တွေ့ဆုံမှုအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေးအတွက် သတင်းအချက်အလက် မျှဝေဖလှယ်ရေး၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးရာဇဝတ်မှု နှိမ်နင်းရေး၊ နှစ်နိုင်ငံနယ်စပ် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ကျရေးနဲ့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Royal Thai Armed Forces Headquarters




Comments